အင်းတကော်က ၁၁ နှစ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သူကို ထောင် ၂၅ နှစ်ချ

ဒီဇင်ဘာ ၄ ၊ ၂၀၂၅
GG (VOM)
ပဲခူးတိုင်း ၊ အင်းတကော်မြို့နယ်မှာ အသက်မပြည့်သေးတဲ့ အသက် ၁၁ နှစ်အရွယ် လေးတန်းကျောင်းသူကို အဓမ္မပြုကျင့်ခဲ့တဲ့ တရားခံကို ပဲခူးခရိုင်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၂၅ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ် ။
တရားခံဖြစ်သူ နိုင်နိုင်(ခ)နိုင်လင်းဝေ ကို ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် ပဲခူးခရိုင် တရားရုံးက ဒီဇင်ဘာ ၃ ရက်နေ့မှာ ပုဒ်မ – ၃၇၆ (၃)အရ အလုပ် နဲ့ ထောင်ဒဏ်နှစ် ၂ဝ ၊ ရာဇသတ်ကြီးပုဒ်မ – ၃၇၇ အရ အလုပ် နဲ့ ထောင်ဒဏ် ၅ နှစ် ကျခံဖို့ အမိန့် ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
” ထောင်ဒဏ် တသက်တကျွန်းတို့ချရမှာ ။ ၂၅ နှစ်ဆိုတာ နည်းသေးတယ် ။ ခုလို လူမဆန်တဲ့ သူမျိုးတွေက ညှာတာမှုနဲ့ မထိုက်တန်ဘူး ဗျ။ ထောင်ထဲမှာပဲ အသက်ကုန်တဲ့အထိ နေသွားရသင့်တာပါ။ လွတ်ငြိမ်း ချမ်းသာခွင့်ပေးရင်လည်း အဲဒီလို လူတွေမပါဖို့ အရမ်းအရေးကြီးတယ် ။ အခုတရားခံဆိုရင် အိမ်နီးချင်းက ပြန်လုပ်သွားတာ ။ ” လို့ ဖြစ်စဥ်သိသူ မြို့ခံ တယောက်က ပြောပါတယ်။
ကလေးငယ် အဓမ္မပြုကျင့် ခံရကြောင်းကိုတော့ မိဘတွေက စက်တင်ဘာ ၁၆ ရက်နေ့မှာ ကလေးငယ်ရဲ့ မိန်းမကိုယ်မှ သွေးတွေဆင်းရာကနေ တဆင့် မေးမြန်းမှုကြောင့် သိရှိခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
အဲဒီနောက် ကလေးငယ်ရဲ့ မိဘတွေက သက်ဆိုင်ရာ နယ်မြေရဲစခန်းကို တိုင်ကြားခဲ့တာကြောင့် ရဲတပ်ဖွဲ့က တရားခံကို ဖမ်းဆီးကာ စစ်ဆေးမေးမြန်းပြီး
နှစ် လကျော်အကြာမှာ ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို ပစ်မှတ်ထားပြီး အဓမ္မပြုကျင့်ဖို့ ကြံစည် သူတွေဟာ နေရာဒေသတိုင်း လိုလိုမှာရှိနေနိုင်တဲ့အတွက် သမီး မိန်းကလေး မွေးထားတဲ့ မိဘတွေ အနေနဲ့ ကလေးငယ်တွေကို sex education တွေ အကြောင်း အသိပညာ​ပေးဖို့ ပြုလုပ်သင့်ကြောင်း လူမှုအသိုင်းအဝိုင်းက ပြောဆိုမှုရှိ နေပါတယ်။
ဒါအပြင် ကလေးငယ်တွေကို ယောကျ်ားလေးတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ခန္ဓာကိုယ်မှာ ထိတွေ့ ကိုင်တွယ်ခြင်းမပြုလုပ်ရမယ့် နေရာကို ကိုင်တွယ်ပါက ခွင့်မပြုဘဲ တားမြစ်ဖို့ နဲ့ မိဘကို အသိပေးဖို့ ၊ မိဘကို အသိမပေးဘဲ ဘယ်သူခေါ်ဆောင်ရာမှ မလိုက်ဖို့ ၊ ဘယ်သူကျွေးတာကိုမှ အလွယ်တကူမစား မသောက်ဖို့ အပါအဝင် သိသင့်သိထိုက်တာတွေကို ပြောပြပေးဖို့ လိုအပ်သလို မိဘတွေအနေနဲ့လည်း ကလေးငယ်ကို သူစိမ်းဖြစ်သူတွေဆီ အပ်နှံပြီး စောင့်ရှောက်ခိုင်းတာမျိုး မပြုလုပ်ဖို့ လည်း လိုအပ်တယ်လို့ ဆိုပါတယ်။
” ကျွန်တော်တို့ ပတ်ဝန်းကျင်မှာက မုဒိမ်ကောင်တွေက တနေရာမဟုတ် တနေရာတော့ရှိနေတာပဲ ။သူတို့ကတော့ အလစ်ငိုက်ကို ချောင်းနေတာမျိုးပေါ့။ အဲတော့ မိဘတွေအနေနဲ့ ကိုယ့်ကလေးကို သူစိမ်းဖြစ်ဖြစ် ၊ ဆွေမျိုးထဲက ယောကျ်ားလေးနဲ့ ဖြစ်စေ လွှတ်ပေးထားတာမျိုး ၊ နှစ်ယောက်ထဲပေးနေစေတာမျိုး မလုပ်ပါနဲ့ ။ အလုပ်မအားလို့ဆိုပြီး ပစ်လည်းမထားပါိနဲ့ ။ ကလေးကို နေ့တိုင်း စကားပြောပါ ။ ဘယ်သူတွေနဲ့ ဘာလုပ်လဲ စသဖြင့်ပေါ့ ။ အခုကြားရသလောက် ကိစ္စအများစုက ကလေးတွေနဲ့ ရင်းနှီးသူတွေကပဲ အဓမ္မပြုကျင့် တာများတယ်။ လူမဆန်တဲ့ အဖေတွေတောင်ပါတယ်ဆိုတော့ ကိုယ်က မိန်းကလေးမွေးထားရင် ဘယ်သူစိမ်းယောကျ်ားလေးကိုမှ အရမ်းမယုံကြည်ဖို့ အကြံပြုချင်ပါတယ်။ ” လို့ ပရဟိတ သမားတယောက်က အကြံပြု ပြောဆိုပါတယ်။
ပဲခူးတိုင်း ၊ တောင်ငူမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အသက် ၁၂ နှစ်အရွယ် သမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ ဖခင်ဖြစ်သူကိုလည်း နိုဝင်ဘာ ၂၀ နေ့မှာ တောင်ငူခရိုင်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၆၀ ကျခံဖို့ အမိန့် ချမှတ်မှုရှိခဲ့ပါတယ်။
ပြီးခဲတဲ့ စက်တင်ဘာလမှာ ဆိုရင် တောင်ငူခရိုင် ထန်းတပင်မြို့နယ်မှာ အသက်မပြည့်သေးတဲ့ ၁၂ နှစ်အရွယ် သမီးကို အဓမ္မပြုကျင်ခဲ့တဲ့ အဖေကို တောင်ငူခရိုင်တရားရုံးက ထောင်ဒဏ် အနှစ် ၄၀ ချမှတ် ခဲ့ပါတယ်။
ဇူလိုင်လမှာ ဆိုရင်လည်း တောင်ငူခရိုင်တရားရုံးက ပဲခူးမြို့နယ် မုက္ကလကျေးရွာကျေးရွာ အလက(ခွဲ) ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသား ၁၇ ယောက်ကို အလိုမတူဘဲ လိင်တူ အဓမ္မပြုကျင့်ခဲ့တဲ့ ကျောင်းဆရာသက်ဇော်အောင်ကို ထောင်ဒဏ်အနှစ် ၄၀ အမိန်ချမှတ်ခဲ့ပါတယ်။
ဇွန် ၂၇ ရက်မှာဆိုရင်လည်း အုတ်တွင်းမြို့နယ်မှာ အသက် ၅ နှစ်အရွယ်ကလေးမလေးကို မွေးစားပြီး အသက်သေစေတဲ့အထိ ရေနွေးပူနဲ့လောင်း၊ လက်သီးနဲ့ထိုးပြီး အဓမ္မပြုကျင့်ခဲ့တဲ့ မွေးစားမိဘနှစ်ယောက်ကို ထောင်ဒဏ်တသက်လွတ်ရက်မရှိကျခံစေဖို့အပြင် နောက်ထပ်ထောင်ဒဏ် ၂၇ နှစ်ပါသီးခြားကျခံစေဖို့ တောင်ငူခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။
Photo: CJ

Related posts

Leave a Comment

VOM News

FREE
VIEW