ရန်ကုန်က ဒိန်းမတ်သံရုံးကို ၂၀၂၆ ခုနှစ်အကုန်မှာ ပိတ်သိမ်းမယ်

ဒီဇင်ဘာ ၅ – ၂၀၂၅
SN (VOM)
ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ ဒိန်းမတ်သံရုံးကို လာမယ့် ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပိတ်သိမ်းတော့မှာ ဖြစ်တယ်လို့ ဒိန်းမတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
အခုလို သံရုံး ပိတ်သိမ်းရတာဟာ မြန်မာနိုင်ငံအနေနဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းအခြေအနေတွေ သိသိသာသာ လျော့ကျလာခဲ့တာကြောင့် ဖြစ်တဲ့အပြင် လက်တလောမှာလည်း ပြောင်းလဲနိုင်မယ့် အရိပ်အယောင်တွေ မတွေ့ရှိရတဲ့အတွက် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“မြန်မာသံရုံးအတွက် အသုံးပြုခဲ့တဲ့ အရင်းအမြစ်တွေကို ဒိန်းမတ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားတွေမှာ အသုံးပြုသွားမှာပါ” လို့ ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီး လားစ် လော့ခ် ရတ်စမူဆန်က အဲဒီ ထုတ်ပြန်ချက်မှာ အသိပေး ပြောကြားထားပါတယ်။
ဒါအပြင် ဒိန်းမတ် နိုင်ငံခြားရေး ဝန်ကြီးဌာနအနေနဲ့ လာမယ့် ၂၀၂၆ ခုနှစ်အတွင်း အာဂျင်တီးနားနဲ့ အယ်လ်ဘေးနီးယား နိုင်ငံတို့မှာ သံရုံးအသစ် ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ရှိ သံရုံးကိုလည်း ကောင်စစ်ဝန်ချုပ်အဖြစ် အဆင့်မြှင့်တင်ပြီး အာရှ အလယ်ပိုင်းဆိုင်ရာ အထူးကိုယ်စားလှယ်အသစ် ခန့်အပ်သွားမှာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ထည့်သွင်း ရေးသားထားပါတယ်။
ဗီယက်နမ်နိုင်ငံမှာ ဒိန်းမတ် ကုမ္ပဏီပေါင်း ၁၃၅ ခုနီးပါး ရှိနေတာကြောင့် စီးပွားရေး မြှင့်တင်ဖို့အတွက် အခုလို ပြောင်းလဲ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒိန်းမတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ သံတမန် ဆက်ဆံရေးကို ၁၉၅၅ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေကို အကူညီပေးခဲ့တဲ့ နိုင်ငံတနိုင်ငံ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူ တယောက်က “ဒါက ကောင်းတဲ့အလားအလာတော့ မဟုတ်ဘူး။ တဖြည်းဖြည်းနဲ့ Nordic နိုင်ငံတွေ ထွက်ကုန်ကြပြီ။ Intellectual environment အတွက် အားကိုးစရာ ဆုတ်ယုတ်လာတဲ့ အခြေအနေပဲ” လို့ သုံးသပ် ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း ဖင်လန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ရန်ကုန်မြို့ရှိ ဖင်လန်သံရုံးကို လာမယ့် ၂၀၂၆ ခုနှစ်ကစပြီး အပြီး ပိတ်သိမ်းသွားမှာ ဖြစ်တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။
ဖင်လန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပြင် ပါကစ္စတန်၊ အာဖဂန်နစ္စတန် နိုင်ငံတို့မှာ ဖွင့်လှစ်ထားတဲ့ သံရုံးတွေကိုပါ ပိတ်သိမ်းသွားမှာဖြစ်ပြီး အကြောင်းရင်းကတော့ အဲဒီ သုံးနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုတွေကြောင့် ဖြစ်တဲ့အပြင် ဖင်လန်နိုင်ငံနဲ့ အကန့်အသတ်ရှိတဲ့ စီးပွား ဆက်ဆံရေးတွေကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Photo – Embassy of Denmark in Myanmar

Related posts

Leave a Comment

VOM News

FREE
VIEW