ဒီဇင်ဘာ ၅ ၊ ၂၀၂၅
GG ( VOM)
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက သစ်ချိုပင်ကျေးရွာမှာ ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့ မနက်အစောပိုင်းက လေကြောင်းတိုက်ခိုက်ခံရပြီး သုံးယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ရှစ်ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က မနက်အစော ၁ နာရီ ၁၉ မိနစ်လောက်မှာ လေကြောင်းတိုက်ခိုက်ခံရတာ ဖြစ်ကြောင်း ၊ တိုက်ခိုက်မှုကြောင့် လူသေဆုံးမှု နဲ့ ထိခိုက်ဒဏ်ရာ ရရှိမှုအပြင် နေအိမ် ၁၀ လုံး ၊ ကားနဲ့ ဆိုင်ကယ် တချို့လည်း ထိခိုက်ပျက်စီး မှုရှိခဲ့တယ်လို့ သိရပါတယ်။
” လေကြောင်းတိုက်ခိုက်မှုက ဗုံးနှစ်လုံ ကြဲခံရတယ် ။ သေဆုံးသုံးယောက်နဲ့ ထိခိုက်ဒဏ်ရာရ ရှစ်ယောက်ရှိတယ် ။ အိမ်က ဆယ်လုံးလောက် ပျက်စီးတယ်။ သစ်ချိုပင်က PDF နယ်မြေတော့ ပြောလို့ရပေမယ့် PDF ရွာထဲတော့ မနေဘူးသိရတယ်။ ” လို့ စစ်ရေးသတင်း ရင်းမြစ်ကပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကလည်း ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတဲ့အခြေအနေရှိကြောင်း နဲ့ လက်ရှိမှာတော့ ဆေးဝါးကုသပေးနေတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့ မနက်အစောပိုင်းကလည်း ဝက်လက်မြို့နယ်ရှိ နတ်မှော်ဦးရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး လူငါးယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ငါးယောက် ရှိခဲ့တယ်လို့ သိရပါတယ် ။
လက်ရှိ ရွှေဘိုမြို့နယ် နဲ့ ဝက်လက်မြို့နယ်တွေထဲက ကျေးရွာအချို့မှာ မြေပြင်ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားမှုရှိနေတဲ့အပြင် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှု ၊ အစိုးရတပ်ဘက်မှ စစ်ကြောင်းထိုး မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း ဝက်လက်မြို့နယ်၊ ယင်းမာကျေးရွာမှာ လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး အမျိုးသား တယောက် သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၃၀ ရက်နေ့ကလည်း ချောင်းဦးမြို့နယ်ထဲက ချောင်းမနား ရွာနဲ့ ချောင်းဆုံရွာမှာ လေကြောင်းကြဲချတိုက်ခိုက်ခံရပြီး လူနှစ်ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ ဆယ်ယောက်လောက် ရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – cj
