ဒီဇင်ဘာ ၇ – ၂၀၂၅
SS (VOM)
ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် ကယားပြည်နယ်က မြို့နယ် ငါးခုမှာ အစိုးရတပ်က နယ်မြေရှင်းလင်းရေး ပြုလုပ်နေတာကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
အစိုးရတပ်က ဖယ်ခုံ၊ လွိုင်ကော်၊ ဘောလခဲ၊ ဖရူဆို၊ ဒီးမော့ဆိုတို့မှာ မြို့နယ် တမြို့နယ်ကို အနည်းဆုံး စစ်ကြောင်း သုံးကြောင်းလောက်နဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း ပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“အဓိက ကတော့ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြတာပေါ့။ ဒီဘက်က နယ်မြေတွေကို ပြန်ပြီး စိုးမိုးနိုင်ဖို့ အစိုးရတပ်က စစ်မျက်နှာ ငါးခုဖွင့်ပြီး ထိုးစစ်ဆင်လာကြတာ။ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေ ရှိမယ်ထင်တဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ရော၊ ဒရုန်းတွေနဲ့ရော နေ့တိုင်းလိုလို ဆက်တိုက် ပစ်နေတယ်။ ဒရုန်းသုံးတာ ပိုများတယ်။ ဒါကြောင့် တိုက်ပွဲတွေလည်း အဆက်ပြတ်တယ် မရှိဘူး” လို့ စစ်ရေး သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
မနေ့ ဒီဇင်ဘာ ၆ ရက်၊ ည ၁၀ နာရီ ဝန်းကျင်ကလည်း လွိုင်ကော်မြို့နယ် (အရှေ့ခြမ်း) ရှိ ပါလောင်း စစ်ရှောင် စာသင်ကျောင်းမှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူထိခိုက် ဒဏ်ရာရမှုတော့ မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။
အစိုးရ တာဝန်ရှိသူတွေအနေနဲ့ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကယားပြည်နယ်က မယ်စဲ့၊ ဖားဆောင်းနဲ့ ရှားတော မြို့နယ်တွေကလွဲပြီး ကျန်မြို့နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ကြေညာထားတာ ဖြစ်ပါတယ်။
လွိုင်ကော်မြို့ကို ပထမအကြိမ် ကျင်းပမယ့် ရွေးကောက်ပွဲ စာရင်းမှာ ထည့်သွင်းထားပြီး ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့တွေကို ဒုတိယအကြိမ် ကျင်းပမယ့် ရွေးကောက်ပွဲ စာရင်းမှာ ထည့်သွင်းထားပါတယ်။
အစိုးရတပ်တွေဟာ ရှမ်းပြည်နယ် (တောင်ပိုင်း) အခြေစိုက် ပအိုဝ်းပြည်သူ့စစ်တပ် (PNA) အကူအညီနဲ့ ရှမ်း၊ ကယားနယ်စပ်ကို ထိုးစစ်ဆင်နေတာဖြစ်ပြီး အောက်တိုဘာလမှ စတင်ကာ ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အတွင်းရှိ ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေ ထိန်းချုပ်ရာ ဒေသတွေကို ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်နေတာလို့ သိရပါတယ်။
နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုနဲ့ တိုက်ပွဲတွေကြောင့် ဒေသတွေ ထပ်မံ စစ်ဘေး တိမ်းရှောင်နေရဆဲဖြစ်ပြီး လက်ရှိမှာ စစ်ရှောင်ဦးရေ နှစ်သိန်းဝန်းကျင် ရှိနေပြီဖြစ်ကာ အရေးပေါ် စားနပ်ရိက္ခာတွေ၊ အမိုးအကာတွေ လိုအပ်မှု အမြင့်မားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ Karenni Human Right Group ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါကြောင့် လက်ရှိမှာ နိုင်ငံတကာ အကူအညီတွေလည်း လိုအပ်နေတဲ့အပြင် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းတွေ အပါအဝင် အရေးပေါ် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ကယားပြည်နယ်မှာ လေကြောင်း တိုက်ခိုက်မှု ငါးကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု ငါးကြိမ်နဲ့အထက် ဖြစ်ပွားခဲ့ပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် ကိုးယောက် သေဆုံးခဲ့ကာ ၁၃ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့သလို လက်နက်ကြီး၊ ဒရုန်း ပစ်ခတ်မှုကြောင့် လေးယောက် သေဆုံးခဲ့ပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KnHRG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါအပြင် လေကြောင်း တိုက်ခိုက်မှုတွေကြောင့် နေအိမ် ၁၈ လုံး၊ ဘာသာရေး အဆောက်အအုံ နှစ်လုံး၊ ပြည်သူပိုင် အဆောက်အအုံ ငါးလုံး ပျက်စီးခဲ့ကာ မော်တော်ယာဉ် ရှစ်စီးနဲ့ စိုက်ခင်း သုံးခင်းလည်း ပျက်စီးခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ အစိုးရ ပြန်ကြားရေး တာဝန်ရှိသူတွေဘက်တော့ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နဲ့ မဟာမိတ်တပ်တွေဟာ ကယားပြည်နယ်ရဲ့ ဝင်ပေါက်လို့ တင်စားရတဲ့ မိုးဗြဲမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း တိုက်ခိုက်ခဲ့ကာ မိုးဗြဲမြို့ အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၄၂၂ တပ်ကလွဲပြီး ကျန်နေရာ အားလုံးကို ထိန်းချုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
အခု ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှာတော့ အစိုးရတပ်က PNA အကူအညီနဲ့ မိုးဗြဲမြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး မိုးဗြဲ – လွိုင်ကော်လမ်းကို ထိန်းချုပ်ခဲ့တယ်လို့ သိရပါတယ်။
Photo – Karenni Humanitarian Team (တိုက်ပွဲကြောင့် ရွှေပြောင်းနေရတဲ့ ဒေသခံတချို့)
