ကသာမြို့မှာ ​တိုက်ပွဲ​ကောလာဟလသတင်း​တွေ​ကြောင့် ဒေသခံတွေ စိုးရိမ်စိတ်နဲ့ ​ပြောင်း​ရွှေ့ကြသူ​တွေရှိလာပြန်

ဒီဇင်ဘာ ၇-၂၀၂၅
ခွန်သာဦး(VOM)
ကသာမြို့မှာ ဒီဇင်ဘာလဆန်းပိုင်းကစပြီး တိုက်ပွဲ​ဖော်မယ့်သတင်း​တွေ ခပ်စိတ်စိတ်ကြားလာနေရတဲ့အတွက် ဒေသခံ​တွေဟာ စိုးရိမ်စိတ်ကြီးပြီး ​ရွှေ့သူ​တွေရှိနေတယ်လို့ သိရပါတယ်။
အခု ဒီဇင်ဘာလဆယ်ရက်အတွင်း၊ ဆယ့်ငါးရက်အတွင်း၊ ရက်နှစ်ဆယ်အတွင်းဆိုတဲ့ ကောလာဟလစစ်ရေးအ‌ခြေအနေစကား‌တွေ ထွက်​နေတာ​ကြောင့် မြို့‌‌ပေါ်ကုန်သည်ကြီးအချို့လည်း ပစ္စည်း‌တွေကိုလုံခြုံနိုင်မယ့်မြို့ရွာတွေ၊ အန္တယ်ကင်းနိုင်မယ့်နေရာတွေဆီကို ပို့ဆောင်နေကြပါတယ်။
“အဲလိုပဲဘယ်နေ့တဲ့၊ ဘယ်ရက်တဲ့ ဆိုပြီး ရက်အတိအကျနဲ့ ကောလာဟလ ဖြစ်တာ နိုဝင်ဘာလလောက်ထဲကပါ။ ခုဒီဇင်ဘာလမှာတော့ တချို့ပိုက်ဆံရှိတဲ့သူဌေးတွေ၊ ကုန်သည်တွေညပစ္စည်းသယ်ပို့တာရွှေ့ပြောင်းနေတာတွေ့ရတယ်” လို့ ကသာမြို့နေထိုင်တဲ့ ဒေသခံကပြောပါတယ်။
လှုပ်လှုပ်ရှားရှားရွှေ့ပြောင်းကြပေမယ့် ခိုင်လုံတဲ့သတင်းမဟုတ်သေးတာကြောင့် အချို့တွေလည်းစိတ်အေးကြပေမယ်လို့ လေယာဉ်နဲ့ ဒီဇင်ဘာလ၄ရက်နေ့ ၁၂နာရီခွဲမှာ ကသာမြို့အထွက်လမ်း နဘားကြီးရွာအနီးကို ဗုံးချသံ၊ ညအချိန်မြို့ထွက်မှာပစ်ခတ်၊ ပေါက်ကွဲသံတွေကြားရတဲ့အတွက်စစ်ရေးအနေအထားကို တွေးဆရခက်နေကြပါတယ်။
“ကသာမြို့ကို အဝင်အထွက်လမ်းတွေ ပိတ်မယ်။အခြေအနေမကောင်းဘူး၊ ရှောင်ထားကြတော့ အဲသလိုပေါ့ တခြားမြို့ရွာမှာနေထိုင်သူတွေကလည်းပြောကြတာပေါ့။ ရှောင်မယ်ဆို ဘယ်ရှောင်မလဲ ခုက ကုန်ဈေးနှုန်းကကြီး၊ ကားခတွေကဈေးတက်နဲ့ ကောဟလတွေက စိတ်ဆင်းရဲစေတာပါ ”လို့ ကသာဒေသခံက ပြောပါတယ်။
ငွေကြေးတတ်နိုင်တဲ့သူတွေ ရွှေ့ပြောင်းကြပေမယ့်အခြေခံလူတန်းစားတွေကတော့ ပုံမှန်အတိုင်းအရောင်းအဝယ်မပျက် နေထိုင်ကာ တကယ်ဖြစ်လာမှသာ ရှောင်တိမ်းကြမယ်လို့လည်း သိရပါတယ်။
“ကောလာဟလကတော့ပျံနေတာပါပဲ၊ ရက်စွဲနေ့စွဲတွေဘယ်နေ့ဖြစ်မယ် ၊ဘာနေ့ဖြစ်မယ်နဲ့ပေါ့၊ သေချာလေ့လာသုံးသပ်ကြည့်ရင်တော့ ကသာမြို့တခုတည်းကိုပဲလေ့လာလို့မရဘူး၊ တခြားတိုင်း‌ဒေသတွေနဲ့အနီးအနားမြို့‌တွေကိုလည်းလေ့လာပေါ့၊ ဒါမှသာ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာတွေးလို့ရမှာ၊ မျက်စိဖွင့်နားစွင့်ပြီး နေထိုင်လေ့လာကြတာက စိုးရိမ်စိတ် ကြောက်စိတ်ကို လျော့ပါးစေမှာလို့” နိုင်ငံရေးလေ့လာသုံးသပ်သူတ​ယောက်ကဆိုပါတယ်။
ကသာမြို့ကနေ အများဆုံးရွှေ့ပြောင်းကြတဲ့မြို့ကတော့ မန္တလေးဘက်ကိုဖြစ်ပြီး မဲဇာ၊မော်လူး၊မိုးညှင်းနဲ့မြစ်ကြီးနား၊ ပြင်ဦးလွင် ၊ ရန်ကုန် ဘက်တွေကိုလည်းရွှေ့ကြပါတယ်။ အချို့အ‌ဝေးကိုမထွက်နိုင်သူ‌လည်းအိမ်ထောင်ပရိဘောဂ​တွေ၊အနွေးထည်နဲ့ အိမ်သုံးပစ္စည်းတွေကို အနီးအနားကျေးရွာဘက်တွေမှာ ဖြန့်ခွဲပို့ထားကြတယ်လို့ သိရပါတယ်။
အထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကိုဒီဇင်ဘာလ(၂၈)ရက်နေ့မှာကျင်းပမယ့် မြို့နယ်ပေါင်း(၁၀၂)မြို့နယ်ထဲမှာ ကသာမြို့လည်းတခုအပါအဝင်ဖြစ်လို့ အစိုးရတပ်က​တော့ အဖြစ်ခံမှာမဟုတ်ဘူးလို့ သုံးသပ်​နေကြပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW