ငွေငန်း ရှင်းတမ်း (၅)

ဆူးငှက်
တကယ်တော့ မြို့မအလှပြယာဉ်၏ ငွေငန်းရုပ်လုံးများကို ကနဦးအစတွင် ပန်းချီဦးဘသက်၊ မြို့မငြိမ်း၊ ရှုမဝဦးကြီးငွေတို့က ပုံစံထုတ် အရုပ်ချိုးခဲ့ကြပြီး နောက်ပိုင်းတွင် ပန်းချီကိုအုန်းဖေ၊ ကိုအောင်သိန်း၊ ကိုသန်းမောင် (ဆေး)၊ ပန်းချီ ကိုအုန်းကြိုင်၊ မဏ္ဍပ် ကိုသိန်းအောင်၊ ကိုခင်မောင်ဦး(လေမှုတ်)တို့က ထပ်မံ ဖန်တီးကြသည်။ လက်ရှိ အသုံးပြုနေသော ငန်းရုပ်က ကိုခင်မောင်ဦး(လေမှုတ်)၏ လက်ရာဖြစ်ပြီး အချိုးအစား ကျနသကဲ့သို့ အတွင်းမှ သံဖရိန်များနှင့် တည်ဆောက်ကာ အတောင်များက လှုပ်ရှားနိုင်သည်။ လွန်ခဲ့သော ၅နှစ်ဝန်းကျင်က မြင်းခြံမြို့မအတွက် ငန်းရုပ်ကို ထိုစဉ်က မန္တလေးမြို့မ အသင်းသားတဦးဖြစ်သူ ကိုအောင်ကျော်မိုးက အသစ်ချိုးပေးခဲ့ဖူးသည်။
အတာသင်္ကြန်အတွက် မြို့မက ငန်းရုပ်ကို မည်သည့်အတွက်ကြောင့် သုံးစွဲသည် ဆိုသည်မှာ အတိအကျ အချက်အလက် မရှိသော်ငြား အတာသင်္ကြန်သည် ရေပက်ကစားသည့် အစဉ်အလာကြောင့် ရေမှာပျော်သည့် ငန်းရုပ်ကို အသုံးပြုသကဲ့သို့ ထိုစဉ်က ခေတ်စားစပြုနေသည့် အနောက်တိုင်း လေမှုတ် တူရိယာပစ္စည်းများအနက် ထူးခြားလှပသည့် ပုံစံရှိသော ဆိုက်ဆိုဖုန်း တူရိယာ၏ ပုံစံနှင့် တူသည့် ငန်းရုပ်ကိုရွေးချယ်ကြသည်မျာ သေချာသည်။ ထိုသို့ ငန်းရုပ်ကို ရွေးချယ်ကြရာတွင် ငန်းတကောင်၏ လှုပ်ရှားမှု ဟန်ပန်များကို သေချာလေ့လာပြီးမှ ကြိုက်နှစ်သက်သည့် ဟန်ကို အတည်ပြုကြ၏။
ထိုရွေးချယ်မှုတွင် စီလမ်း မစ္စကွစ်တိုက်မှ ကိုကျော်ငြိမ်း(မြို့မငြိမ်း) ဝယ်ယူလေ့လာနေသည့် Bird (ငှက်) ဟူသော စာအုပ်က အဓိက အထောက်အကူဖြစ်မှာလည်း သေချာပါ၏။
ထို့ကြောင့် ငန်း၏ လှုပ်ရှားမှုကို ရွေးချယ်ရာတွင် အတောင် ၂ဖက်ကို ဖြန့်ကာ လည်ကိုထောင်၍ နှုတ်သီးကို ရှေ့သို့ ကော့ အားယူကာ ရေထဲမှ စတင်ပျံတက်မည့် ဟန်ကို ရွေးကြသည်။ ထိုလှုပ်ရှားမှုက ရေထဲမှ လွတ်လွတ်ကင်းကင်း မဖြစ်သေးသောကြောင့် နောက်သို့ ယက်လိုက်သည့် ခြေ၂ဖက်က ရေများကို လှိုင်းထသွားစေသည့် ပုံရိပ်ကို ဖမ်းခဲ့ကြသည်။ ထို့ကြောင့် မြို့မအလှပြယာဉ်၏ ထိပ်က ငန်းရုပ်၏ နောက်မှ လှုပ်ရှားမှုကြောင့် ဂယက်ထသွားသည့် ရေလှိုင်းများက ခပ်ငြိမ့်ငြိမ့် အသွင်ဆောင်သည်။ ဒီ ငြိမ့်ငြောင်း ညင်သာသည့် အလှုုပ်အရှားက မြို့မ၏ ဂီတသဘောပဲ ဖြစ်ပါ၏။
ထို့ပြင် မြို့မဟူသော အသင်း၏ အမည်ကို ၁၉၂၈ခုနှစ်တွင် ရွေးချယ်အတည်ပြုပြီးသည်နှင့် ရှေးလူကြီးများပီပီ မိတ်ဖက်ရန်ဖက်များကို ရိုးရာနည်းများဖြင့်လည်း ဆောင်ခဲ့ကြ၊ ရှောင်ခဲ့ကြသည်။ မြို့မအမည်က ကြာသာပတေးနာမ်ဖြစ်သည်။ ထို့ကြောင့် “ဓမ္မာသောက၊ အင်းဝရာဇာ” ဟူသော ရန်ဖက် အဆိုအမိန့်အရ ကြာသာပတေး၏ ရန်ဖက်ဖြစ်သော စနေနာမ် အနီ အနက် အရောင်များကို ရှောင်ကာ မိတ်ဖက်ဖြစ်သည့် ကြာသာပတေးနာမ် အပြာ အစိမ်းရောင်များကိုပဲ အသင်းနှင့် ပတ်သက်သော တံဆိပ် နောက်ခံကား နှင့် အလှပြယာဉ်များတွင် သုံးစွဲခဲ့ကြသည်။
အလှပြယာဉ်တွင် ငန်းရုပ်၏ ဟန်က မူလက ရေမှ ပျံတက်ရန် အားယူစ ဟန်ကို ယူခဲ့ကြသလို လောကဓမ္မတာအရ တခါတရံ အသင်းတွင် အခက်အခဲ အတိုက်အခိုက် အကျပ်အတည်းများနှင့် ရင်ဆိုင်ရစဉ်ကာလများတွင် ထိုအခက်အခဲ အတိုက်အခိုက် အကျပ်အတည်းများကို ပြန်လည်တွန်းလှန် ကျော်ဖြတ်သည့်သဘောဖြင့် ၁၉၆၀ကျော် ကာလများတွင် အလှပြယာဉ်၌ လိုက်ငန်း တိုက်ငန်းပုံစံ ဟန်ကိုလည်း သုံးခဲ့ကြသည်။ ထိုဟန်က ရန်သူကို ပြန်လည် တိုက်ခိုက်သည့် ငန်းပုံစံဖြစ်သော လည်ကို ရှေ့တည့်တည့် အဖြောင့်ဆန့်ကာ အတောင်ကို အားကုန်ဖြန့်ပြီး ခြေက နောက်သို့ ယက်၍ ထိုးသည့် လိုက်သည့် ဟန် ဖြစ်သည်။ ထိုလိုက်ငန်းဟန် သုံးသောအခါ အကောင်အရွယ်အစားသေး၍ ဘယ်ညာ ၂ကောင် ယှဉ်ကာ ကားဦး အစွန်းမှ ဖြစ်စေ၊ တိုင်ကလပ်ပေါ် တင်၍ ဖြစ်စေ သုံးခဲ့သည်။
ထို့ပြင် အသင်း၏ တံဆိပ်ကို ၁၉၂၈ခုနှစ် အသင်းစတင်ဖွဲ့စည်းစဉ်က ရေးဆွဲအတည်ပြုခဲ့ကြသည့် အဝိုင်းပုံကို တလျှောက်လုံး သုံးစွဲခဲ့ကြရာ ၁၉၅၆ ခုနှစ်တွင် လေးထောင့်ပုံ တံဆိပ်ကို အသစ်ရေးဆွဲ အသုံးပြုခဲ့ကြသည်။ ထိုတံဆိပ်ကိုလည်း ပန်းချီဆရာကြီး ဦးဘသက် အပါအဝင် မြို့မအမှုဆောင်လူကြီးများက အတည်ပြုခဲ့ကြသည်။ ထူးခြားမှုမှာ အလှပြယာဉ်တွင် လိုက်ငန်းဟန်ကို သုံးသည့်နှစ် (၁၉၅၆) မှာပင် လေးထောင့် အသင်းတံဆိပ်ကို စတင် သုံးကြခြင်းဖြစ်သည်။ ထို လေးထောင့်တံဆိပ်ကို အသုံးပြုခဲ့ကြသည်မှာ ၁၉၇၀ ဝန်းကျင် ကာလအထိ ဖြစ်သည်။
မြို့မငွေငန်းအလှပြယာဉ်တွင် ၁၉၅၄ခုနှစ်က ငန်းရုပ်လုံးပင် မပါခဲ့ကာ ၁၉၅၅ခုနှစ်ကမူ ငန်းရုပ်လုံးမပါသော်ငြား ရေခံထည်တွင်သာ ငန်းရုပ်ကို ရေးဆွဲခဲ့သည်။ ထို့ပြင် မန္တလေးအနှစ်၁၀၀ပြည့် ရာပြည့်ပွဲ ကျင်းပပြီးသည့် နှစ် သင်္ကြန်တွင် မြို့မအလှပြယာဉ်က ငန်းရုပ်၏ အတောင်ပံကို ကနုတ်ဟန်ဖြင့် အလှဆင်ခဲ့သည်။ ထို့ပြင် အသင်းတံဆိပ်အား လေးထောင့်ပုံ တတ်ဆင်အသုံးပြုရာမှ မူလလက်ဟောင်း အဝိုင်းပုံ ပြန်လည် သုံးစွဲသည့် ၁၉၆၉ခုနှစ်က အလှပြယာဉ်သည် ရေလှိုင်းကြီးတခုလုံး ပုံစံ ရေခံထည်တွင် ထိပ်က ငန်းရုပ်လုံး တင်ထားသည့် ပုံစံမို့ မော်ဒန်ဆန်လှသည်ဟု ပြောရပေမည်။
ယခုနောက်ပိုင်း မြိုမအလှပြယာဉ်များတွင် ၂၀၀၀ခုနှစ် မြို့မစိန်ရတုနှစ်က ပန်းချီဦးအုန်းကြိုင်ဒီဇိုင်း အလှပြယာဉ်နှင့် ၂၀၁၀ခုနှစ်က ဦးရွှန်းမြိုင်ကြီးကြပ်ပြီး ပန်းချီကိုတင်အောင် ပုံဖော်ခဲ့သည့် အလှပြယာဉ်များက ထူးခြား ကောင်းမွန်သည်ဟု သုံးသပ်ကြသည်။
ထို့ကြောင့် သင်္ကြန်ဟု ဆိုလျှင် ရှေးအစဉ်အဆက် မူလအသင်းသားပညာရှင်ကြီးများ အဓိပ္ပာယ်ရှိ လေးနက်စွာ ဖန်တီးခဲ့သည့် မြို့မငွေငန်းအလှပြယာဉ်သည် သင်္ကြန်၏ အမှတ်အသားတခုအသွင် တည်တံ့ဦးမည်ဖြစ်ရာ မူလသန္ဓေမပျက်ဘဲ ခေတ်နှင့် အညီ ဆန်းသစ်ကောင်းမွန်မည့် ငွေငန်းအလှပြယာဉ် အသွင်ကိုလည်း တွေ့မြင်နိုင်ရန် မျှော်လင့်နေကြပါ၏။
ဆူးငှက်
(ပြီးပါပြီ)

Related posts

Leave a Comment

VOM News

FREE
VIEW