ဒီဇင်ဘာ ၆ ၊ ၂၀၂၅
GG (VOM)
စည်းကမ်း လိုက်နာမှုမရှိတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃၆ ခုကို လိုင်စင် ပိတ်သိမ်း၊ ပယ်ဖျက်တာတွေ ပြုလုပ်လိုက်တယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက သိရပါတယ်။
လုပ်ငန်းလိုင်စင် ပိတ်သိမ်းခံရတဲ့ အေဂျင်စီ ၂၄ ခု အပြင် ရာသက်ပန် ပိတ်သိမ်းပြီး Blacklist စာရင်းသွင်းခံရတဲ့ ကုမ္ပဏီ သုံးခု ၊ ရာသက်ပန် ပိတ်သိမ်းခံရတဲ့ အေဂျင်စီက နှစ်ခု ၊ သက်တမ်း တနှစ် ပိတ်ခံရတဲ့ အေဂျင်စီ နှစ်ခု ၊ ပယ်ဖျက်ခံရတဲ့ အေဂျင်စီက လေး ခု ၊ လိုင်စင်ပြန်အပ်လို့ ရုတ်သိမ်းခံရတဲ့ အေဂျင်စီ တခု တို့ဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ရဲ့ စာရင်းအရ သိရပါတယ်။
” ပိတ်တယ်ဆိုတာက တချို့ကျ အပြစ်ရှိလို့ ပိတ်သိမ်းတယ်ဆိုပေမယ့် သူတို့ကျတော့ အသနားခံစာတင်လို့ရတယ်ပေါ့။ ဥပမာ အလုပ်သမားအပေါ်မှာ နစ်နစ်နာနာ လုပ်ခဲ့တယ် ။ငွေကြေးလည်းပြန်မပေးဘူး ။အဲဒီလို လူတွေကျ ရာသက်ပန် ပိတ်သိမ်းတယ်ပေါ့။တချို့ကျ လိုင်စင် သက်တမ်းတိုးတဲ့အခါ သတ်မှက်ရက်ကိုကျော်ပြီး မတိုးလို့ ပိတ်သိမ်းလိုက်တယ်။ဒါမျိုးကျ ပြစ်မှုကျူးလွန်တာ မဟုတ်ဘူးလေ ။ recovery လုပ်လို့ရတယ်ပေါ့။ အဲဒီလိုမျိုးပါ ။ အလုပ်သမား ငွေလွှဲပို့နဲ့ ပတ်သက်ပြီး ပိတ်ခံရတာမျိုး မပါဘူး ။ ” လို့ MOEAF က တာဝန်ရှိသူ တယောက်က ပြောပါတယ်။
အဆိုပါ အေဂျင်စီတွေက လိုင်စင်သက်တမ်း အချိန်မီ မတိုးခြင်း ၊ အလုပ်သမားပြဿနာရေးရာ ဖြေရှင်းပေးမှု မရှိခြင်း ၊ ဝန်ကြီးဌာန သတ်မှတ်ထားတဲ့ ညွှန်ကြားချက်နဲ့ စည်းကမ်းချက်တွေကို လိုက်နာမှု မရှိခြင်း ၊ အလုပ်သမားတွေ နဲ့ ပတ်သက်ပြီး ပြဿနာရှိတဲ့ ကုမ္ပဏီ တွေ ဖြစ်တယ်လို့ သိရပါတယ်။
ယခု ပယ်ဖျက် ၊ ပိတ်သိမ်း ၊ ရာသက်ပန် ပိတ်သိမ်း ၊ Blacklist စာရင်းသွင်းခံရတဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေအနေနဲ့က လိုင်စင်ထပ်မံလျှောက်ထားလိုပါက အခြား လူပုဂ္ဂိုလ် နာမည်တမျိုးနဲ့ ပြန်လည်လျှောက်ထားရယူနိုင်တယ်လို့ သိရပါတယ်။
” သူ့နာမည်နဲ့တော့ လျှောက်မရတော့ပေမယ့် တခြား သူ့အမျိုးတွေနဲ့ လျှောက်ရင်တော့ ဒါက မြန်မာနိုင်ငံသားတယောက် ဖြစ်နေတော့ လုပ်ပိုင်ခွင့်အရတော့ ။ ဘယ်သူမှ တားလို့မရဘူးလေ ။ ” လို့ သူက ထပ်မံ ပြောပါတယ်။
လိုင်စင်ကို ကာလ အကန့်အသတ်နဲ့ ပိတ်ခံထားရတဲ့ အေဂျင်စီတွေ အနေနဲ့ကတော့ လိုင်စင်ကို ပုံမှန်အတိုင်း သက်တမ်းတိုးရမှာဖြစ်ပြီး သက်တမ်းတိုးခွင့် မကုန်ဆုံးမီ နှစ်လကြိုတင်ကာ အချိန်မီတင်ပြဖို့ လိုအပ်တယ်လို့ ဝန်ကြီးဌာနက အသိပေးထား ပါတယ်။
လက်ရှိမှာ အလုပ်သမားဝန်ကြီးဌာနမှ လိုင်စင် ချပေးထားတဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီ အရေအတွက် ၆၀၀ ကျော် အထိရှိပြီး အမှန်တကယ် လုပ်ငန်းလုပ်ကိုင်တဲ့ အေဂျင်စီက နည်းတယ်လို့ သိရပါတယ်။
လိုင်စင် ရာသက်ပန် ပိတ်သိမ်းခံရတဲ့ ကုမ္ပဏီ တွေကတော့ အယူခံခွင့်မရှိသလို ရာသက်ပန် ပိတ်သိမ်းခံရတဲ့အပြင် Blacklist စာရင်းပါ သွင်းခံရတဲ့ ကုမ္ပဏီ တွေကတော့ ပိုပြီးအခြေအနေ ဆိုးတဲ့လုပ်ရပ်တွေ ကြောင့် သတ်မှတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။
#Voiceofmyanmar #VOM #MOEAF # ပြည်ပအလုပ်အကိုင်အေဂျင်စီ #လိုင်စင် #ပိတ်သိမ်း #ပယ်ဖျက် #ရာသက်ပန်ပိတ်သိမ်း #Blacklist
