ဒီဇင်ဘာ ၆ – ၂၀၂၅
SS (VOM)
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ မနေ့ ဒီဇင်ဘာ ၅ ရက်၊ ညပိုင်းက လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူဦးရေ အယောက် ၂၀ ဝန်းကျင် ရှိလာပြီဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မနေ့ည ၈ နာရီဝန်းကျင်က ဒီပဲယင်းမြို့နယ် (အရှေ့ခြမ်း)၊ မရကန်ကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ၁၈ ယောက် ပွဲချင်းပြီး သေဆုံးကာ ဆေးကုသမှု ခံယူနေစဉ်အတွင်း နှစ်ယောက် ထပ်မံ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ကနဦးရရှိတဲ့ သတင်းတွေအရ ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၃၀ ကျော် ရှိနေတယ်လို့ သိရပြီး နေအိမ် ၁၀ လုံးထက်မနည်းလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“လက်ဘက်ရည်ဆိုင်ပေါ်ကို ကျတာပါ။ သေဆုံးက ကနဦး ၁၈ ယောက်မှာ နှစ်ယောက် ထပ်တိုးတယ်။ စုစုပေါင်း အယောက် ၂၀ ရှိမယ်။ ဒါက ကျွန်တော် သိသလောက်ပေါ့။ ကျန်တာတော့ မသိသေးဘူး။ ဒဏ်ရာရကတော့ ခန့်မှန်းခြေဆိုရင် အယောက် ၃၀ ကျော်လောက် ရှိနိုင်တယ်။ ဒီထက်လည်း များနိုင်တယ်။ ဒဏ်ရာရထဲမှာ ပြင်းထန် အဆင့်တွေလည်းပါတော့ သေဆုံးအရေအတွက်က ထပ်တိုးနိုင်ခြေရှိတယ်” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
ဒီပဲယင်းမှာ မနေ့ နေ့လယ် ၁ နာရီလောက်ကစပြီး ညပိုင်းအချိန်အထိ လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် ဖြစ်ပွားနေတာလို့ သိရပြီး နေ့လယ်ပိုင်းကနေ ညနေပိုင်းအထိ လေကြောင်း တိုက်ခိုက်ခံရမှုမှာတော့ လူအသေအပျောက်နဲ့ ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။
ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ ဒေသတွင်း လက်နက်ကိုင်တပ်တွေရဲ့ သတင်း ထုတ်ပြန်ချက်မှာတော့ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် စုစုပေါင်း ၁၈ ယောက် ပွဲချင်းပြီး သေဆုံးခဲ့တဲ့အပြင် နေအိမ်တွေလည်း ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် ထိခိုက်ဒဏ်ရာရသူ အများအပြားလည်း ရှိနေပြီး အသက်အန္တရာယ် စိုးရိမ်ရသူတွေလည်း ရှိနေသေးတဲ့အတွက် အခြေအနေကို ဆက်လက် စောင့်ကြည့်နေရဆဲ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
အစိုးရတပ်ရဲ့ တာဝန်ရှိသူတွေဘက်ကတော့ ဒီပဲယင်း လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ လက်ရှိ အချိန်အထိ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
လက်ရှိမှာ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒီပဲယင်းမြို့နယ်အတွင်းက ထောင်နဲ့ချီတဲ့ ပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေမှာ လေကြောင်း တိုက်ခိုက်ခံရမှု၊ လက်နက်ကြီး ကျရောက်မှုတွေ အဆက်မပြတ် ဖြစ်ပွားလျက်ရှိတာမှာ မနေ့ ဒီဇင်ဘာ ၅ ရက်၊ မနက်ပိုင်းကလည်း ရွှေဘိုမြို့နယ်မှာ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် သုံးယောက် သေဆုံးပြီး ရှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ကလည်း ဝက်လက်မြို့နယ်၊ နတ်မှော်ဦး ကျေးရွာမှာ လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး ငါးယောက် သေဆုံးကာ ငါးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဒီဇင်ဘာ ၁ ရက်နေ့ကလည်း ဝက်လက်မြို့နယ်၊ ယင်းမာကျေးရွာမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသား တယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၃၀ ရက်နေ့ကလည်း ချောင်းဦးမြို့နယ်ထဲက ချောင်းမနားရွာနဲ့ ချောင်းဆုံရွာမှာ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် နှစ်ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ရေးအကဲခတ် ပညာရှင်တယောက်က “စစ်ကိုင်းကို ရှင်းလိမ့်မယ်။ ဒါမှ ကချင်နဲ့ အဆက်ပြတ်မှာ။ စစ်ကိုင်းကို ကချင်နဲ့ လက်နက်ကိုင်တပ်တွေ သိမ်းနိုင်ရင် ဧရာအနောက်ခြမ်း အကုန်ကုန်မယ်။ ဒါကြောင့် စစ်ကိုင်းတိုင်းကို အကုန်ပြန်ယူလိမ့်မယ်” လို့ သုံးသပ် ပြောဆိုပါတယ်။
လက်ရှိ ရွှေဘိုမြို့နယ်နဲ့ ဝက်လက် မြို့နယ်တွေထဲက ကျေးရွာတချို့မှာ အစိုးရတပ်ဘက်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေ ရှိနေတဲ့အတွက် တိုက်ပွဲတွေလည်း မကြာခဏ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
Photo – CJ
