ဒီဇင်ဘာ ၇ ၊ ၂၀၂၅
CC (VOM)
ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရာမှာ နိုင်ငံရေးပါတီတွေ အနေနဲ့ နယ်မြေလုံခြုံရေး အခြေအနေနဲ့ တခြားအခက်အခဲ အခြေနေတွေအရ စည်းရုံးရေး မဆင်းနိုင်တဲ့နေရာတွေ ရှိနေတယ်လို့ ပါတီတွေဆီက သိရပါတယ်။
လက်ရှိမှာ နိုင်ငံရေးပါတီတွေဟာ လုံခြုံရေးကောင်းတဲ့ နယ်မြေဒေသတွေမှာသာ မဲဆွယ်စည်းရုံးနိုင်မှုရှိပြီး လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာဒေသတွေမှာတော့ ကွင်းဆင်း မဲဆွယ်စည်းရုံးနိုင်ခြင်း မရှိဘူးလို့ သိရပါတယ် ။
ရန်ကုန်တိုင်း ၊ နေပြည်တော် ၊ ဧရာဝတီတိုင်း ဒေသကြီးလောက်မှာသာ မဲဆွယ်စည်းရုံး အပြည့်အဝနီးပါး မဲဆွယ်စည်းရုံးနိုင်တဲ့အခြေအနေရှိပြီး မကွေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ တနင်္သါရီတိုင်း ၊ ပဲခူးတိုင်း ၊ မန္တလေးတိုင်း ၊ မွန်ပြည်နယ် ၊ ကရင်ပြည်နယ် ၊ ကယားပြည်နယ် ၊ ချင်း ၊ ရှမ်း ၊ ကချင်ပြည်နယ် ၊ ရခိုင်မှာတော့ မဲဆွယ်စည်းရုံးရေး မဆင်းနိုင်တဲ့ နေရာတွေ ရှိနေတယ်လို့ သိရပါတယ်။
” လုံခြုံရေးကောင်းတဲ့ နယ်မြေတွေပဲ မဲဆွယ်စည်းရုံးနိုင်တယ်။ ဥပမာ နေပြည်တော်လိုနေရာဆို ရတာပေါ့။ ရန်ကုန် အပြည့်ရတယ်။ ဧရာဝတီရတယ်။ ပဲခူးတချို့နေရာမရဘူး။ မကွေးတချို့နေရာ မရဘူး ။တချို့ပါတီက ကိုယ်စားလှယ် လောင်းတွေလည်း PDF ဖမ်းခံထိတာရှိတယ် ။ ရွေးကောက်ပွဲလုပ်ပေမယ့် တချို့နေရာတွေက မဲပုံးထောင်လို့မရတဲ့နေရာတွေ တိုင်းနဲ့ပြည်နယ်အလိုက် စာရင်း ထွက်ထားတယ်။ မဲပုံးမထောင်နိုင်တော့ မဲပေးခွင့်ဆုံးရှုံးသွားတာပေါ့။ ” လို့ ပြည်သူ့ရှေ့ဆောင်ပါတီမှ PPP မှ ဒုတိယဥက္ကဋ္ဌ ( ၂) ဖြစ်သူ ဦးစောဟန်အေးက ပြောပါတယ် ။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ကာလနဲ့ ယှဥ်ရင် လက်ရှိ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲမှာတော့ လုံခြုံရေး မဲဆွယ်စည်းရုံးရတဲ့ နေရာဒေသတွေ လျော့နည်းသွားသလို ကားနဲ့စီတန်း လှည့်လည် မဲဆွယ်ခွင့်လည်း ကန့်သတ်ခံထားရပါတယ်။
” မဲဆွယ်စည်းရုံးရေး သွားနိုင်တဲ့ နေရာတွေ နည်းပါးသွားတယ် ။ သွားရင် လုံခြုံသလား မလုံခြုံဘူးလား ကြည့်ရမှာပေါ့ ။ မလုံခြုံဘူးဆိုရင် ဘယ်သွားမလဲ ။ အခြေအနေအရပ်ရပ်ကို ကြည့်ပြီး လုပ်ရမှာပေါ့။ သူတို့ကလည်း လုံခြုံရေးမကောင်းရင် ဘယ်ခွင့်ပြုမလဲ ။ ” လို့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီမှ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက VOM ကို ပြောဆိုထားပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားပြီး နယ်မြေလုံခြုံမှု မရှိတဲ့ နေရာဒေသမှာ မဲဆွယ်စည်းရုံးရေး မလုပ်နိုင်တဲ့ အပြင် ကိုယ်စားလှယ်လောင်း ရဖို့ပင်ခက်ခဲတဲ့ အခြေအနေတွေလည်း ကြုံခဲ့ရကြောင်း ၊ ကျေးရွာတွေကို မဲဆွယ်စည်းရုံးရေးဆင်းဖို့အတွက်လည်း ကုန်ကျစရိတ်တွေများတာကြောင့် ကိုယ်စားလှယ်လောင်းတချို့အနေနဲ့ ကွင်းဆင်း မဲဆွယ် စည်းရုံးနိုင်ခြင်း မရှိတဲ့ အခြေအနေတွေလည်း ရှိတယ်လို့ သိရပါတယ်။
” “စစ်ကိုင်းတိုင်းထဲဆို ကိုယ်စားလှယ်လောင်းတောင် ရှာဖွေဖို့ ခက်တာ ရှိတယ်။ အဓိက လက်နက်ကိုင်ပဋိပက္ခနဲ့ လုံခြုံရေးအားနည်းတဲ့နေရာပေါ့ ။ ပါတီဝင်ဆိုတာတောင် ထုတ်မပြောရဲတာမျိုး ၊ မဲဆွယ်စည်းရုံးတဲ့အခါမှာလည်း တိုက်ပွဲဖြစ်တဲ့နေရာ ၊ တိုက်ပွဲဖြစ်တယ်လို့ အသံထွက်တဲ့နေရာဆို သွားရလာရ အခက်အခဲရှိတယ်။ နောက်တခုက ကိုယ်စားလှယ်လောင်းတွေက သုံးစွဲနိုင်တဲ့ အကန့်အသတ်က နည်းတယ်။ ကျေးရွာအုပ်စုပေါင်းများစွာကို ကွင်းဆင်းစည်းရုံးရေးဆင်းတာက မြို့ပြနယ်မြေမှာ စည်းရုံရေးဆင်းတာထက် ပိုခက်တယ်။ ကုန်ကျစရိတ်လည်း ပိုများတယ် ။ လူနည်းနည်းနဲ့သွားလို့မရဘူး ။ လူအင်အားသုံးရတယ် ။ ကုန်ကျစရိတ်ပိုများတော့ ကိုယ်စားလှယ်လောင်းတွေ ကိုယ်တိုင် ကျေးလက်ကို ရွာအကုန် ကွင်းဆင်းနိုင်ဖို့မလွယ်ဘူး “လို့ ပြည်သူ့ပါတီ PP မှ ” ပြည်သူ့ပါတီ ရဲ့ အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရဲကျော်စွာက ပြောပါတယ်။
မဲဆွယ်စည်းရုံးတဲ့အခါ ရွေးကောက်ပွဲကို လူတွေစိတ်ဝင်စားအောင် နဲ့ မဲစာရင်း ကြည့်ဖို့ကို အရင်ဆုံး ပြောဆိုနေရတယ်လို့လည်း သိရပါတယ် ။
မဲဆွယ်စည်းရုံးရေး ဆင်းတဲ့အခါ ကိုယ်စားလှယ်လောင်းတွေ လုံခြုံရေးအတွက်ကို ရဲတပ်ဖွဲ့ဝင်တွေက လိုက်ပါ လုံခြုံရေး ရယူပေးနေပြီး နယ်မြေဒေသ လုံခြုံရေး အခြေအနေပေါ် လိုက်ပြီး လုံခြုံရေးအင်အားကို တိုးမြှင့် ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ် ။
” ၆၁ အုပ်စုမှာ ၁၅ အုပ်စုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ပါဘူး ။ ကျန်တဲ့ ၄၆ အုပ်စုမှာ ၅/၆ အုပ်စုကလည်း သွားရင် pdf ချက်ချင်းလာနိုင်လို့ ရှောင်ရပါတယ် ။ ဒါပေမယ့် ကျွန်တော် ၄၆ အုပ်စုမှာ ၄၂ ဆင်းတယ် ။ ဆိုးတဲ့နေရာ လုံခြုံရေးပိုလိုက်ပါတယ် ။ ” လို့ လက်ရှိ မဲဆွယ်စည်းရုံးရေး ဆင်းနေတဲ့ USDP ပါတီရဲ့ ညောင်လေးမြို့နယ် ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာသန့်ဇော်လွင်က ပြောပါတယ်။
ဒါကြောင့် လက်ရှိမှာ နိုင်ငံရေး ပါတီအများစုက လုံခြုံရေးအရ မဲဆွယ်စည်းရုံးရေး မဆင်းနိုင်တဲ့ နေရာဒေသတွေကို အင်တာနက် လူမှုစာမျက်နာကနေ တဆင့် မဲဆွယ်မှု စည်းရုံးမှု ပြုလုပ်နေကြပါတယ်။
ရွေးကောက်ပွဲကိုတော့ ယခု ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲ အပိုင်း ၁ ကို မြို့ပေါင်း ၁၀၂ မြို့မှာ စတင် ကျင်းပသွားမှာ ဖြစ်ပြီး ရွေးကောက်ပွဲ အပိုင်း ၂ မှာတော့ မြို့နယ်ပေါင်း ၁၀၀ မှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။
ရွေးကောက်ပွဲ ကျင်းပမယ့် အပိုင်း ၁ နဲ့ အပိုင်း ၂ မှာဆိုရင် ရပ်ကွက်နဲ့ ကျေးရွာ အုပ်စုပေါင်း ၂၉၃၁ ခုမှာတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC က ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတဲ့ ရပ်ကွက်ကျေးရွာထဲမှာ စစ်ကိုင်းတိုင်းက ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၉၀၂ နဲ့အများဆုံး ဖြစ်ပြီး ကချင် ၊ ကယား ၊ ကရင် ၊ ချင်း ၊ မွန် ၊ ရခိုင် ၊ ရှမ်း ၊ တနင်္သာရီတိုင်း ၊ ပဲခူးတိုင်း ၊ မကွေးတိုင်း ၊မန္တလေးတိုင်း နဲ့ ဧရာဝတီတိုင်းက ရပ်ကွက် နဲ့ ကျေးရွာအုပ်စု လေးခုနဲ့ အနည်းဆုံး ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – PPP / PP / ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ / ဒေါက်တာသန့်ဇော်လွင်
