မန်းရွှေစက်တော် ဘုရားပွဲကို ဇန်နဝါရီ ၂၂ ရက်စပြီး ၈၆ ရက်ကြာ ကျင်းပမယ်

ဒီဇင်ဘာ ၅ – ၂၀၂၅
SS (VOM)
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားကြီးရဲ့ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို ၈၆ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်တယ်လို့ ဘုရားပွဲတော် ကျင်းပရေး ဦးစီးကော်မတီက သိရပါတယ်။
အဲဒီ ဘုရားပွဲတော်ကို လာမယ့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ကနေ ဧပြီလ ၁၇ ရက်နေ့အထိ (တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ) ကျင်းပသွားမှာဖြစ်ပြီး လက်ရှိမှာ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ ဘုရားပွဲတော် ကျင်းပရေး ဦးစီးကော်မတီနဲ့ နီးစပ်သူတယောက်က “တဲကျောင်း လေလံ‌ဆွဲတာ၊ တင်ဒါ၊ နောက် လုံခြုံရေးပိုင်းတွေရောပေါ့၊ အစစအရာရာ အကုန်လုံးက တလကြိုလောက်မှ လုပ်ဖြစ်တာပါ။ တလကြိုလောက်မှ အကုန် ညှိနှိုင်းပြီးတော့မှ တဲဆောက်လုပ်ခွင့် ဘာညာ အကုန်ချမှာ။ အဲဒီကျမှ လေလံဝင်ဆွဲမယ့် သူတွေက လုပ်မယ်၊ မလုပ်ဘူး၊ အခြေအနေ ဘယ်လိုလဲဆိုတာ သေချာ သိရမှာ။ လေလံတင်ချင်တဲ့ သူကလည်း များတယ်လေ။ ဘယ်သူ့ကို ချပေးမလဲ ဆိုတဲ့ဟာနဲ့ အဲဒီကျမှ လုပ်တာများတယ်။ ဒါကလည်း ဟိုးအရင်ကတည်းက လုပ်နေကျပါ။ အရမ်းကြီးစောပြီး လုပ်လေ့မရှိဘူး။ ဒါကြောင့် အခုကတော့ အသေးစိတ် အခြေအနေ ဘယ်လို ဆိုတာက ပြောဖို့ စောသေးတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ပွဲတော် ဖြစ်မြောက်ရေးအတွက် ဘုရားပွဲတော် မုခ်ဦးနှင့် ဖွင့်ပွဲအခမ်းအနား ပြင်ဆင်ရေး၊ ဘုရားပွဲ မြေနေရာ (မန်းချောင်းသောင်ပြင်) ပြင်ဆင်ရေး၊ အဆောက်အဦ၊ အထူးတံတား၊ ဈေးဆိုင်ခန်း၊ တည်းခိုဆောင်တွေ နေရာချထားရေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ပွဲတော်နဲ့ ပတ်သက်တဲ့ တင်ဒါ၊ လေလံ၊ ခေါ်ယူရောင်းချရေး လုပ်ငန်းတွေအပြင် လျှပ်စစ်မီး၊ ကျန်းမာရေး၊ သတင်းနဲ့ ပြန်ကြားရေး၊ ဘုရားပွဲတော်လုံခြုံရေး စတဲ့ ကဏ္ဍအလိုက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဥ်တွေကိုလည်း ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
“ဒီဘက်မှာက လုံခြုံရေးပိုင်းနဲ့ ပတ်သက်လို့လည်း အခြေအနေ ကောင်းတယ်။ လမ်းခရီးလည်း သွားရေးလာရေး အဆင်ပြေတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း သို့လော၊ သို့လောနဲ့သာ ပြောနေကြတာ။ ဘာမှမဟုတ်ဘူး။ အကုန်လာကြတာပဲ။ သင်္ကြန်အထိကို လာကြတာ” လို့ သူက ပြောပါတယ်။
ဘုရားဖူး အပန်းဖြေခရီးသွား ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူ တယောက်ကတော့ လမ်းခရီးပိုင်း သွားလာရေး အခြေအနေနဲ့ ပတ်သက်လို့ အမြန်လမ်းမကြီး မိုင် ၂၂၀ ကနေ မကွေးမြို့ကို သွားရောက်တဲ့အခါ ဂိတ်ပေါင်း သုံးဂိတ်ကို ဖြတ်သန်းရမှာဖြစ်ပြီး လုံခြုံရေး အခြေအနေလည်း ကောင်းမွန်တယ်လို့ ပြောပါတယ်။
“လမ်းကြောင်း လုံခြုံရေး အကုန်ကောင်းတယ်။ နေ့ခင်းဘက်သွားရင် ပိုကောင်းတယ်။ ညဘက် သွားမယ်ဆိုလို့ရှိရင် ဘုရားဖူးကားကြီးတွေ ထွက်တဲ့ရက်မှာ အဲဒီကားကြီးတွေနဲ့ တွဲသွား။ ဒါမှမဟုတ် ကိုယ်သွားချင်တဲ့ရက် သွားမယ်ဆိုရင် နေ့ဘက်ပဲသွား။ အဲဒါဆို ပိုအဆင်ပြေတယ်” လို့ သူက ပြောပါတယ်။
မကွေးထိရောက်အောင် သွားမယ်ဆိုပါက ကံပြားလမ်း တောအလယ်လောက်မှာ တဂိတ်၊ အဲဒီ တောကထွက်ပြီး မြို့အစွန်ကို ရောက်ခါနီးမှာ တဂိတ်၊ မြို့ထဲဝင်ခါနီး တိုးဂိတ်နားမှာ တဂိတ်၊ အဲဒီ ဂိတ် သုံးဂိတ်ကို ဖြန်သန်းရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“လမ်းကြောင်း တလျှောက်က ဖြတ်သန်းရတဲ့ ဂိတ်တွေမှာလည်း ဘယ်ကလာတယ်၊ ဘယ်သွားမယ်၊ ဒါပဲဖြေရတယ်။ အခုလည်း ရွှေစက်တော်မှာ လိုင်းကားတွေလည်း သွားနေတာပဲ။ အဆင်ပြေတယ်” လို့ ပြောပါတယ်။
ဒါအပြင် ရွှေစက်တော်မှာ အခု ၂၀၂၅ ခုနှစ်အစ ဘုရားပွဲရာသီတုန်းက တဲကျောင်းဈေး အဆမတန် မြင့်တက်မှုတွေ ရှိခဲ့တယ်လို့ သိရပြီး ရိုးရိုးတဲကျောင်းကို ကျပ် တသိန်း၊ တသိန်းနှစ်သောင်းဝန်းကျင် ရှိခဲ့ကာ ရေချိုးခန်း၊ အိမ်သာပါတဲ့ တဲကျောင်းကြီးတွေကတော့ ကျပ် နှစ်သိန်းခွဲ၊ သုံးသိန်းဝန်းကျင် ရှိခဲ့တယ်လို့ သူက ပြောပါတယ်။
“လာမယ့်နှစ်လည်း ပြောလို့မရဘူး။ အဲဒီဈေးအတိုင်းပဲ သွားရင်လည်း သွားနိုင်တယ်။ အရင်နှစ်ကတော့ ဝါးကျောင်းမဟုတ်ဘဲနဲ့ သံဖရိန်နဲ့ သစ်ကာ၊ သစ်ခင်းတွေ လုပ်လိုက်ပြီး အဲဒီ တဲခန်းတွေကို ကန်ထရိုက် ပေးလိုက်တာ ဖြစ်တဲ့အတွက် အဲဒီမှာ စရိတ်က ပိုကုန်သွားတာကိုး။ အဲဒီစရိတ် ပိုယူတာ။ လာမယ့်နှစ်ကလည်း အဲဒီ ဈေးတန်းအတိုင်းပဲ သွားနိုင်တယ်။ တသိန်းပတ်ချာလည်ပဲ။ ပြီးခဲ့တဲ့ ဘရားပွဲတုန်းကလည်း ပွဲက အေးအေးဆေးဆေးနဲ့ ဖြစ်တယ်။ ဒါပေမယ့် တချို့ ဧည့်သည်တွေကတော့ သတင်းပေါင်းစုံ ကြားနေရတာ ဆိုတော့ အသွားအလာ နည်းသွားတာ ရှိတယ်။ အဲဒီတော့ ကန်ထရိုက်တွေ ရှုံးတယ်” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဘုရားပွဲတော် ကာလကတော့ ဝါးတဲကျောင်း အနည်းငယ်သာရှိပြီး သစ်သားနဲ့ ဆောက်တဲ့ တဲကျောင်းအများအပြားကို ကန်ထရိုက်ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဟိုးအရင် နှစ်တွေကတော့ ရိုးရိုး တဲကျောင်းဆို လေးသောင်းခွဲ၊ ငါးသောင်းလောက်သာ ရှိခဲ့တာဖြစ်တယ်လို့ သိရပြီး အဲဒီကနေ ခြောက်သောင်း၊ ခုနစ်သောင်းအထိ ဈေးမြင့်တက်လာက ပြီးခဲ့တဲ့ ဘုရားပွဲ ကာလတုန်းကတော့ တသိန်းကျော်အထိ ဈေးတက်သွားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
မန်းရွှေစက်တော် ဘုရားပွဲကို အခု ၂၀၂၅ ခုနှစ်မှာ ဖေဖော်ဝါရီလ ၂ ရက်နေ့နေစပြီး ၇၅ ရက်ကြာ ကျင်းပခဲ့တယ်လို့ သိရပြီး ပုံမှန်ထက် ဆိုင်ခန်းနဲ့ တည်းခိုဆောင် (တဲကျောင်း) တွေ လျော့ကျခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ဘုရားပွဲတော်ကို နှစ်စဉ် မြန်မာနှစ်ဆန်း တရက်နေ့မှာ ပိတ်ပွဲ ကျင်းပလေ့ရှိပြီး ပွဲတော် ပိတ်ပွဲနေ့မှာ အောက်စက်တော်ရာနဲ့ အထက် စက်တော်ရာတို့ကို ပြန်လည် ပိတ်ထားလေ့ရှိတယ်လို့ သိရပါတယ်။
ဒါပေမယ့် မန်းချောင်းရဲ့ ဝဲဘက်နံဘေး ဓမ္မာရုံအတွင်း တည်ရှိတဲ့ အောက်စက်တော်ရာကို အလင်းပေါက် ဖန်အုပ်ဆောင်းနဲ့ ဖုံးအုပ်ထားတာကြောင့် ပွဲတော်ချိန် ပြင်ပမှာလည်း အောက်စက်တော်ရာကို မြင်တွေ့ ဖူးမြော်နိုင်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW