ရွေးကောက်ပွဲ ပါဝင်သူတွေကို အရေးယူမယ့် ဥပဒေ CRPH ပြဋ္ဌာန်းတဲ့အပေါ် နိုင်ငံရေးပါတီတွေ ဘာပြောလဲ

ဒီဇင်ဘာ ၆ ၊၂၀၂၅
GG (VOM)
ရွေးကောက်ပွဲ ပါဝင်တဲ့သူတွေကို ထောင်ဒဏ်နဲ့ ငွေဒဏ် နှစ်ရပ် လုံးချမှတ်နိုင်မယ့် ဥပဒေတရပ်ကို CRPH အဖွဲ့က ပြဋ္ဌာန်းကြောင်း ထုတ်ပြန်တဲ့အပေါ် နိုင်ငံရေးပါတီအချို့ကတော့ ဂရုမစိုက်သလို စိုးရိမ်တာမျိုးလည်း မရှိဘူးလို့ ပြန်လည်တုံ့ပြန် ပြောဆိုလိုက် ပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီမှ PPP မှ ဒုတိယဥက္ကဋ္ဌ ( ၂) ဖြစ်သူ ဦးစောဟန်အေးက “စိုးရိမ်မှုမရှိပါဘူး ။ဒီCRPH တို့ NUG တို့ဆိုတာ လေလှိုင်းကပဲလေ ။ ကျွန်တော်တို့ လည်းမမြင်ရဘူး ။
ကျွန်တော်တို့က နိုင်ငံရေးလုပ်တာ ရှင်းရှင်းပြောရရင် မကြောက်လို့ လုပ်တာဗျာ ။သူတို့ ထုတ်ပြန်ချက်လောက်ကတော့ ဘာဂရုစိုက်စရာရှိမှာ လဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီကာလက နိုင်ငံရေးလုပ်ရတာ အကျပ်တည်း စိန်ခေါ်မှုတော့များတယ်။ တိုင်းပြည်ရဲ့ အရွေ့တခုကိုသွားချင်တဲ့အတွက် ဆောင်ရွက်နေတာဖြစ်တယ်။ ဒါကြောင့် သူတို့ဘာသာ ​ဘယ်လိုပဲ ခြိမ်းခြောက်ခြောက် ၊ဘယ်လိုပဲ ဥပဒေတွေ ထုတ်ထုတ် သူတို့ကို ဘာမှ ဂရုစိုက်စရာလည်း မလိုဘူး ။ပြောစရာလည်းမလိုဘူး ။ကိုယ့်အလုပ်ကို လုပ်နေတာပဲ ။ ” လို့ ပြောပါတယ်။
အလားတူ နိုင်ငံရေး ပါတီကြီးတခုဖြစ်တဲ့ USDP ပါတီရဲ့ တာဝန်ရှိသူကလည်း VOMရဲ့ မေးမြန်းမှုအပေါ် CRPH ထုတ်ပြန်ချက် နဲ့ပတ်သက်လို့ ခုလိုတုံ့ပြန် ပြောဆိုပါတယ်။
” ဖြေစရာ အဖြေမရှိပါဘူး။ တရားဝင်အဖွဲ့ အစည်းမဟုတ်ဘူးလေ ။ ကျွန်တော်တို့က တရားဝင်နိုင်ငံရေးပါတီဖြစ်တယ်။ ” လို့ ပြောပါတယ်။
CRPH ကတော့ ရွေးကောက်ပွဲ ပါဝင်သူတွေကို ထောင်ဒဏ်နဲ့ ငွေဒဏ် နှစ်ရပ်လုံးချမှတ်နိုင်တဲ့ ဥပဒေ ပြဋ္ဌာန်းကြောင်းကို ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်လာတာဖြစ်ပြီး ဥပဒေပြဋ္ဌာန်းချက်မှာ ဖော်ပြထားတာ ကတော့ ရွေးကောက်ပွဲ ပါဝင်သူတွေကိုထောင် ၃ နှစ်ကနေ ၅ နှစ်အထိ ဖြစ်စေ ၊ ကျပ်သိန်း ၅၀၀ အောက် မနိမ့်တဲ့ ငွေဒဏ် ဖြစ်စေ ဒါမှမဟုတ် ဒဏ်နှစ်ရပ်စလုံးကို ဖြစ်စေ ချမှတ်နိုင်တယ်လို့ ဆိုထားပါတယ်။
” ရွေးကောက်ပွဲက အောင်မြင်စွာကျင်းပသွားမှာ ။သူတို့လည်း တိုက်ခိုက်နိုင်စွမ်း မရှိဘူး ။ အဲဒီအချက်က အရေးကြီးဆုံးပဲ ။လူအများစုကို ရွေးကောက်ပွဲ စိတ်မဝင်စားအောင် ” လုပ်ထားရင် ” ၊ မဲသွားမပေးအောင်လုပ်ထားရင် ဖြစ်လာတဲ့ ရွေးကောက်ပွဲရလဒ်က တမျိုးဖြစ်မယ် ။လူအများစုက ရွေးကောက်ပွဲကို စိတ်ဝင်စားလာရင် လူအများစုက မဲပေးရင် ဖြစ်လာတဲ့ ရလဒ်က တမျိုးဖြစ်မယ် ။ ” လို့ ပြည်သူ့ပါတီ PP မှ ” ပြည်သူ့ပါတီ ရဲ့ အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရဲကျော်စွာက မှတ်ချက်ပြု ပြောပါတယ် ။
ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ဆောင်ရွက်ကြောင်းကို အထောက်အထား နဲ့တကွ ဆက်သွယ်လာပါကလည်း တိုင်ကြားခံရသူကို ဖမ်းဆီးဝရမ်းထုတ်ခြင်း ၊ ရှာဖွေဝရမ်းထုတ်ခြင်း ဆောင်ရွက်ပြီး ဖမ်းဆီးပြီးပါက တရားစွဲဆိုဖို့ ဆက်လက် လုပ်ဆောင်မယ်ဆိုပြီး CRPH ပြဋ္ဌာန်းချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာလည်း ဒေသတွင်း လက်နက်ကိုင်တပ်တွေက နိုဝင်ဘာ ၂၉ ရက်နေ့က ပခုက္ကူမြို့နယ်ရှိ ကျားဖြူပါတီရဲ့ ကိုယ်စားလှယ်လောင်း ဖြစ်တဲ့ ကိုဝေလင်းကို ဖမ်းဆီးမှုရှိခဲ့ပြီး အဆက်အသွယ် ပြတ်နေတယ်လို့ သိရပါတယ် ။
ဒါအပြင် ရွေးကောက်ပွဲဖြစ်မြောက်အောင် ပါဝင်နေတဲ့ ရပ်ကျေးအုပ်ချုပ်ရေး မှူး အချို့နဲ့ ကျောင်းဆရာ ၊ ဆရာမ တွေလည်း ဖမ်းဆီးခံရမှုတွေ ရှိခဲ့ပါတယ်။
လက်ရှိ အစိုးရအဖွဲ့ကတော့ CRPH နဲ့ NUG အဖွဲ့အစည်းကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေငြာထားပြီး အဆိုပါ အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး လုပ်ကိုင်နေသူတွေ ၊ ငွေကြေးထောက်ပံ့သူတွေ ၊ အားပေး ထောက်ခံသူတွေကို ဖမ်းဆီးအရေးယူမှုတွေရှိနေပါတယ် ။

Related posts

Leave a Comment

VOM News

FREE
VIEW