ဒီဇင်ဘာ ၆ – ၂၀၂၅
SN (VOM)
ရွှေဆိုင်တွေအနေနဲ့ ငွေကျပ် သိန်း ၁ဝဝဝ အထက် အရောင်းအဝယ် ပြုလုပ်ပြီး ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေးအဖွဲ့ (AML/CFT) ကို သတင်းပေးပို့ခြင်း မရှိပါက လိုင်စင် ဆိုင်ပိတ်သိမ်းခံရတဲ့အထိ အရေးယူခြင်း ခံရနိုင်တယ်လို့ ရန်ကုန်တိုင်း ရွှေအသင်း (YGEA) မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ရွှေဆိုင်တွေအနေနဲ့ အရောင်းအဝယ် ပြုလုပ်မှု သိန်း ၂ဝဝ ကျော်ပါက (MMQR) စနစ်နဲ့ ငွေပေးချေမှုတွေ ပြုလုပ်ရမှာဖြစ်ပြီး သိန်း ၁ဝဝဝ အထက် ရှိပါက AML/CFT ကို မပျက်မကွက် သတင်းပေးပို့ရမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်သူများ အသင်းက မနေ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဒါနဲ့ပတ်သက်လို့ YGEA ရဲ့ တာဝန်ရှိသူက “ရွှေဆိုင်တွေက သိန်း ၂ဝဝ ကျော်ရင် ဘဏ်ကနေသွားတယ်၊ ဘဏ်စနစ်နဲ့ ပေးချေရတယ်ပေါ့။ အဲဒီလူက တယောက်တည်းကို နေ့စဉ်ရောင်းလို့ တပတ်ကို သိန်း ၁၀၀၀ ဆိုရင်၊ မသင်္ကာဘူး ဆိုလို့ရှိရင် ငွေကြေးဆိုင်ရာအဖွဲ့ကို သတင်းပို့ရမှာပါ” လို့ ပြောပါတယ်။
အဓိက ကတော့ ငွေကြေးခဝါချမှု ပပျောက်ရေးအတွက် ရည်ရွယ်တာဖြစ်ပြီး ရွှေဆိုင်ပိုင်ရှင် အနေနဲ့ AML/CFT အဖွဲ့ကို သတင်းပြန်လည်း ပေးပို့ခြင်းမရှိပါက ဆိုင်လိုင်စင် ပိတ်သိမ်းတာအပြင် ပါဝင်ပတ်သက်တာတွေ ရှိနေပါကလည်း ဥပဒေအရ လိုအပ်သလို ဆက်လက် အရေးယူခြင်း ခံရနိုင်တယ်လို့ သူက ပြောပါတယ်။
ရွှေလုပ်ငန်းရှင် တယောက်ကတော့ အခုလို သိန်း ၁ဝဝဝ အထက် အရောင်းအဝယ်အတွက် AML/CFT အဖွဲ့ကို သတင်းပေးပို့ရမယ် ဆိုတဲ့ သတ်မှတ်ချက်ဟာ ရွှေလုပ်ငန်းရှင်တွေ ငွေကြေးခဝါချ ကာကွယ်ရေးသင်တန်း တက်ရောက်စဉ်ကတည်းက အသိပေးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အဲဒီ သင်တန်းမှာကတည်းကိုက သူတို့က တခါတည်း ပြောလိုက်ပြီးသား။ ၁၀၀၀ မှ မဟုတ်ဘူး၊ မသင်္ကာစရာတွေ့တာနဲ့ သတင်းပို့။ ၁၀၀၀ ပြည့်ရင်လည်း သတင်းပို့ဆိုပြီး ပြောထားပါတယ်။ ရွှေဆိုင်တွေ အကုန်လုံးကလည်း အဲဒီ သင်တန်းဆင်း လက်မှတ်တွေရှိမှ ရွှေဆိုင်ဖွင့်လို့ရပါတယ်” လို့ သူက ပြောပါတယ်။
ဒီသတ်မှတ်ချက် ပြည့်မီဖို့၊ ကျော်လွန်နိုင်ဖို့ ဆိုတာကလည်း အတုံးအရောင်းအဝယ် ပြုလုပ်တဲ့ ဆိုင်တွေမှာသာ ရှိနိုင်ပြီး လက်ရှိမှာ အောင်သမာဓိ၊ အကယ်ဒမီ၊ မြန်မာချမ်းသာနဲ့ ရွှေဘုံသာ အောက်လမ်းရှိ ရွှေဆိုင် အစရှိတဲ့ ဆိုင်ပေါင်း ခြောက်ဆိုင် ဝန်းကျင်လောက်မှာသာ အတုံးအရောင်းအဝယ် ပြုလုပ်နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“သိန်း ၁၀၀၀ အထက် ကျော်လွန်ဖို့ ဆိုတာကလည်း အတုံး အရောင်းအဝယ်လုပ်တဲ့ ဆိုင်တွေလောက်ပဲ ရှိနိုင်တယ်။ တတုံး ဝယ်လိုက်တာနဲ့တင် ကျပ်သိန်း ၇၀၀ ကျော်၊ ၈၀၀ ကျော် ဖြစ်နေတာကိုး။ သတ်မှတ်ဈေးအတိုင်း ပြမယ်ဆိုရင် နှစ်တုံးဝယ်လိုက်ရင်ပဲ ၁၀၀၀ ကျော်ပြီလေ။ ဒါပေမယ့် အတုံး အရောင်းအဝယ်လုပ်တဲ့ ဆိုင်တွေကလည်း နည်းပါတယ်။ လေး၊ ငါး၊ ခြောက်ဆိုင်လောက်ပဲ ရှိတယ်။ သူတို့တွေကတော့ ၁၀၀၀ ကျော်နိုင်ပေမယ့် လက်လီ ရောင်းတဲ့ဆိုင်တွေကတော့ မကျော်နိုင်ပါဘူး။ သေးသေးမွှားမွှားတွေပဲ ရောင်းကြတာကိုး” လို့ သူက ပြောပါတယ်။
လက်ရှိ စည်းကမ်း သတ်မှတ်ချက်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ရွှေဆိုင်တွေ အားလုံးကို တလတကြိမ် လိုက်လံ စစ်ဆေးမှာ ဖြစ်တယ်လို့ သိရပြီး စည်းကမ်း လိုက်နာမှု မရှိတာကို စစ်ဆေး တွေ့ရှိရတဲ့အခါ အရေးယူမယ်လို့သာ ပြောဆိုနေပေမယ့် မည်သည့် ပုံစံမျိုးနဲ့ အရေးယူဆောင်ရွက်မယ် ဆိုတာကိုတော့ အသိပေး ပြောကြားထားတာမျိုး မရှိသေးဘူးလို့ သူက ပြောပါတယ်။
“လောလောဆယ်တော့ အရေးယူခံရတဲ့ ဆိုင်တွေလည်း မရှိသေးပါဘူး။ အဲဒီတော့ ဘယ်လို အရေးယူမယ် ဆိုတာကတော့ မပြောတတ်ဘူးပေါ့။ ဖြစ်မှပဲ သိရမယ့်သဘော။ အရေးယူမယ့်အပိုင်းကို ပွင့်ပွင့်လင်းလင်း တခါတည်း အသိပေးမထားတာမျိုးက ကောင်းတယ်ပဲ ပြောရမလား၊ ဆိုးတယ်ပဲ ပြောရမလား ပြောရတော့ တော်တော်ခက်ပါတယ်။ ဟိုးအရင် ဖြစ်ဖူးတာကတော့ သတ္တုတွင်းလိုင်စင် မရှိလို့ဆိုပြီး ရန်ကုန်က ရွှေဆိုင်နှစ်ဆိုင်၊ မန္တလေးက နှစ်ဆိုင်၊ ခြောက်လပိတ်သိမ်း အရေးယူဖူးတယ်။ အဲဒါပဲ တခါကြုံဖူးတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် လက်ရှိ ရွှေဈေးကွက် အခြေအနေနဲ့ ပတ်သက်လို့လည်း အရောင်းအဝယ်တွေက ပုံမှန်အတိုင်း အေးနေဆဲဖြစ်ပြီး ဈေးနှုန်းတွေကတော့ ပြင်ပဈေးကွက်မှာ အမြင့် ဈေးတန်းအတိုင်း ရှိနေဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။
လာမယ့် ၂၀၂၆ ခုနှစ်၊ နှစ်စမှာလည်း ရွှေဈေးနှုန်းက လက်ရှိ ဈေးတန်းအတိုင်းသာ ဆက်လက် ရှိနေနိုင်ပြီး အတက်အကျ အပြောင်းအလဲ များစွာ ဖြစ်ပေါ်နိုင်ခြေ မရှိဘူးလို့ ဆိုပါတယ်။
ရန်ကုန်တိုင်း အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်သူများ အသင်းက ထုတ်ပြန်ထားတဲ့ ရွှေအရောင်းအဝယ်အတွက် စည်းကမ်း သတ်မှတ်ချက်မှာတော့ ရွှေဆိုင်တွေအနေနဲ့ စံချိန်စံညွှန်း ကိုက်ညီတဲ့ ဓာတ်သတ္တု (ရွှေ) တကျပ်သား (၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်) ကို အစိုးရက သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးအတိုင်းသာ အရောင်းအဝယ် ပြုလုပ်ရမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ဒါအပြင် ရွှေဆိုင်တွေအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရေးအရာရှိ (Compliance Office) ကိုလည်း ခန့်အပ်ထားရမှာဖြစ်ပြီး ခန့်အပ်ထားပြီးဖြစ်တဲ့ အထောက်အထားကို ရွှေဆိုင်မှာ ထားရှိရမှာဖြစ်သလို သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာရေး အဖွဲ့ရဲ့ လုပ်ငန်းလိုင်စင်ကိုပါ ရယူထားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
နေ့စဉ်/လစဉ် အရောင်းအဝယ်စာရင်းနဲ့ လက်ကျန်စာရင်း အချုပ်တွေကို သက်ဆိုင်ရာ ကနဦးစိစစ်ရေးအဖွဲ့ထံ လစဉ် လဆန်း ငါးရက်အတွင်း မပျက်မကွက် တင်ပြရမှာ ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။
ဈေးကွက် မတည်မငြိမ် ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်း၊ ရောင်းဝယ်ခြင်း၊ ဝယ်ယူခြင်း မပြုလုပ်ကြဖို့နဲ့ ကံစမ်းမဲတွေနဲ့ အလားသဏ္ဍာန်ဆောင်တဲ့ နည်းလမ်းတွေ မပြုလုပ်ကြဖို့ကိုလည်း ညွှန်ကြားထားပါတယ်။
လက်ရောက် ရွှေလွှဲပြောင်းခြင်းနဲ့ ခွင့်ပြုထားတဲ့ ဝယ်/ရောင်း နည်းလမ်းတွေကလွဲရင် ရွှေကို သဏ္ဍာန်ဆောင်ရောင်းချခြင်း၊ ကြိုရောင်း၊ ကြိုဝယ် (လေပတ်ကား) ရောင်းချခြင်းနဲ့ တရားမဝင် ရောင်းဝယ်မှုတွေ မပြုလုပ်ရဘူးလို့ သတ်မှတ်ထားပါတယ်။
Photo – CJ
