ဒီဇင်ဘာ ၁၃ ၊ ၂၀၂၅
GG (VOM)
မကွေးတိုင်း၊ ချောက်မြို့နယ် ၊ ကြီးနီ ကျေးရွာ အနီးမှာ မျက်နှာအဝတ် စည်းထားပြီး အသတ်ခံထားရတဲ့ အမျိုးသား နှစ်ယောက်အလောင်း ကို တွေ့ရှိခဲ့ရ တယ်လို့ သိရပါတယ် ။
အသတ်ခံ ထားရတဲ့ အမျိုးသား နှစ်ယောက်ဟာ ချောက်မြို့ အမှတ် (၁၀) ရပ်ကွက်နေ ဦးကျော်အေး ဆိုသူနဲ့ ဂွေးချိုကျေးရွာက ဦးခင်မောင်နိုင် ဆိုသူတို့ ဖြစ်တယ်လို့ သိရပါတယ် ။
အဆိုပါ အမျိုးသား နှစ်ယောက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဒေသတွင်း လက်နက်ကိုင် အဖွဲ့ တခုကနေ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ကြောင်း ၊ အဲဒီနောက်မှာ အဆက်အသွယ် ပြတ်တောက်သွားပြီး ဒီဇင်ဘာ ၁၁ ရက်မှာ အသတ်ခံရတဲ ရုပ်အလောင်းကို တွေ့ရှိခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
” နှစ်ယောက်လုံးက သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးတာ တွေ့ရတယ် ။ သူတို့က အရင်ရက်က ကားနဲ့ ချောက် – ဂွေးချို လမ်းကို သွားချိန် အဖမ်းခံလိုက်ရတယ် သိရတယ် ။ အဲဒီနောက် မိသားစုက ပျောက်လို့ လိုက်ရှာ ဘာညာ လုပ်ပေမယ့် အဆက်အသွယ် မရဘူး ။မနေ့ကမှ နေ့ခင်းပိုင်း ရထားလမ်းဘေးမှာ အလောင်းတွေ တွေ့လို့ စုံစမ်းစစ် ဆေးကြတော့မှ အဲဒီလူတွေဆိုတာ သိရတာမျိုးပါ ။ ” လို့ လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ် ။
အဆိုပါ အမျိုးသား နှစ်ယောက်ကို ဖမ်းဆီးမှု အခြေအနေ နဲ့ အသတ်ခံရတဲ့ အခြေအနေတွေကိုတော့ ဘယ်ဒေသတွင်း လက်နက်ကိုင် အဖွဲ့က လုပ်ဆောင်ခဲ့ သလဲဆိုတာ မသိရှိရ သေးကြောင်း နဲ့ သတင်းထုတ်ပြန် တာမျိုးလည်း မရှိသေးဘူးလို့ သိရပါတယ် ။
အောက်တိုဘာ ၁ ရက်နေ့ကလည်း ချောက်မြို့နယ်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးအမျိုးသမီးနဲ့ အငယ်တန်းမြို့ပြ အင်ဂျင်နီယာအမျိုးသမီး တို့နှစ်ယောက်လည်း လက်နက်ကိုင်တပ်ဖွဲ့တခုရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပြီး ပြန်လည် လွတ် မြောက်လာခြင်း ရှိမရှိကိုတော့ မသိရသေးပါဘူး ။
အရင်ကလည်း ချောက်မြို့နယ်ထဲမှာ သွားလာတဲ့ ခရီးသွားတွေအနေနဲ့ မကြာ ခဏဆိုသလို ဒေသတွင်း လက်နက်ကိုင် အဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံရမှု တွေရှိပြီး ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ ဝင်တွေနဲ့ တပ်သတင်းပေး ဒလန်ဆိုပြီး စွပ်စွဲကာ သတ်ဖြတ်ခံရ သူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
