ဂျပန်မှာ အလုပ်ရမယ်ဆိုပြီး လူ ၈၀၀ ကျော်ဆီကနေ သိန်းပေါင်း ကိုးသောင်းလိမ်သွားတာ အ​ရေးယူနိုင်ပါ့မလား

ဒီဇင်ဘာ ၁၄ ၊ ၂၀၂၅
GG (VOM)
ဂျပန်နိုင်ငံကို အလုပ်လုပ်ဖို့ ပို့ဆောင်ပေးမယ်ဆိုပြီး လူအယောက် ၈၀၀ ကျော် ဆီကနေ ငွေကျပ် သိန်းပေါင်း ကိုးသောင်းဝန်းကျင် လိမ်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အဖွဲ့စုံက စုံစမ်းစစ်နေကာ နိုင်ငံတော်အဆင့် ကိုင်တွယ်ဖြေရှင်း အရေးယူသွားမယ့် အခြေအနေ ရှိတယ်လို့ သိရပါတယ် ။
” စစစ တို့ စရဖ တို့ကလည်း နိုင်ငံတော်ဝန်ကြီးချုပ်အထိ တင်ပြရမှာ ဆိုပြီး အချက်အလက်တွေ သူတို့ကို အကုန်ပေးထားတယ် ။ နိုင်ငံတော်အဆင့် ကိုင်တွယ်မယ့် အခြေအနေ ရောက်လာပြီ ထင်ရတယ် ။ဘာလို့ဆို အရေအတွက်ကလည်း အရမ်းများတယ်။ ပမာဏကလည်း အရမ်းများတယ်။ သိန်းကိုးသောင်းလောက် ပမာဏကြီးလေ ။ အခုက နိုင်ငံဖြတ်ကျော်ပြီး လိမ်လည်တဲ့ သဘောမျိုးဆိုတော့ လူမှောင်ခိုကူးမှုတွေပါ ပါလာပြီ။ သူတို့က တရားဝင်လမ်းကြောင်းက သွားတာလည်း မဟုတ်ဘူး ။ နယ်စပ်ကနေ လွှတ်တာလေ ။ သက်ဆိုင်ရာ ဝန်ကြီးဌာနကမှ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ပေါင်းပြီး အရေးယူမှု လုပ်ရမယ့် အခြေအနေပါ ။ ” လို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် MOEAF မှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
ဂျပန်မှာ အလုပ်လုပ်ကိုင်ဖို့အတွက် တာချီလိတ်ကနေ ထိုင်း ၊ ထိုင်း ကမှတဆင့် ဂျပန်ကို ပို့ပေးမယ်ဆိုပြီး ငွေကျပ် သိန်းပေါင်း ကိုးသောင်း လောက် လိမ်ညာ သွားတာ ဖြစ်ကြောင်းကို အလိမ်ခံရသူ အယောက် ၁၀၀ လောက်က MOEAF ဆီ လာရောက် တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဂျပန် သွားပြီး အလုပ်လုပ်ကိုင်ခွင့် ရဖို့အတွက် လူတယောက်ကို သိန်း ၁၁၀ က​နေ သိန်း ၂၀၀ ကျော်အထိ အေဂျင်စီကို ပေးခဲ့ရကြောင်း ၊ လိမ်ညာခဲ့တဲ့ အေဂျင်စီတွေက Su latt myint mo အေဂျင်စီနဲ့ Nay won Kabar အေဂျင်စီတို့ ဖြစ်တယ်လို့ အလုပ်သမားတွေ တိုင်တန်းမှုအရ သိရပါတယ်။
ဂျပန်ကို ပို့ပေးမယ်ဆိုပြီး ငွေကြေးတွေ လိမ်လည်ခံရသူတွေက လက်ရှိ မြန်မာနိုင်ငံထဲမှာ အယောက် ၁၀၀ လောက် ရှိပြီး ဘန်ကောက်မှာလည်း ဂျပန်သွားဖို့အတွက် စောင့်နေတဲ့ ငွေလိမ်ခံရသူ အယောက် ၇၀၀ လောက် ရှိနေတယ် လို့ သိရပါတယ် ။
” တယောက်ကို ၁၁၀ ပေးရတာရှိတယ် ။ ၁၃၀ ပေးရတာရှိတယ် ။ ၁၇၀ ပေးရတာရှိတယ်။ထိုင်းကို ပို့ထားပြီးသူတွေကတော့ တယောက်ကို ၂၀၀ ကျော်လောက် ပေးထားရတယ်။ သင်တန်းကျောင်းတခုတည်းကနေ လူ ၂၂၀ ကျော် ချိတ်ပေးခဲ့တယ် ။အဲဒီထဲက လူ ၁၄၀ ကျော်မှာ လူ ၇၀ ကျော်လောက် ကျန်ခဲ့တယ်။ ဘန်ကောက်မှာ တနှစ်လောက် အထိတောင် သောင်တင် နေတာတောင်ရှိတယ်။ ဘန်ကောက်မှာ Tourit Visa နဲ့ နေနေကြတာ ။ ” လို့ ငွေလိမ် ခံခဲ့ ရသူတွေက ပြောဆိုပါတယ်။
လက်ရှိမှာ ဘန်ကောက် ရောက်ရှိနေတဲ့ အလိမ်ခံရတဲ့ သူတွေကို ထိုင်းမှာ အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ပန်းရောင်ဘတ် ပြုလုပ်ပြီး ထိုင်းမှာပဲ အလုပ်လုပ်ဖို့ ပြောဆိုမှုရှိနေကြောင်း ၊ ဘတ်ရိုက်ဖို့ ထိုင်းဘတ် ၆၅၀၀ ထပ်မံ တောင်းခံမှု ရှိလာနေတယ် ဆိုပြီး MOEAF ကို ဆက်သွယ် ပြောကြား လာတယ်လို့ သိရပါတယ်။
ငွေကြေး လိမ်ညာသွားတဲ့ အေဂျင်စီနှစ်ခုအနက် Su latt myint mo အေဂျင်စီက မကြာသေးမီကမှ ရာသက်ပန် ပိတ်သိမ်းခံလိုက်ရတဲ့ အေဂျင်စီ တခု ဖြစ်ပြီး Nay won kabar ကတော့ လိုင်စင်ရ အေဂျင်စီ ဖြစ်တယ်လို့ သိရပါတယ် ။
” အေဂျင်စီတခုက ပိတ်ပြီးသား ။ တခုက မပိတ်သေးဘူး ။အေဂျင်စီ နာမည်တွေကို ယူသုံးပြီး လုပ်သွားတယ်လို့ ပြောတယ်။ ပိတ်ထားတဲ့ အေဂျင်စီ နဲ့ အရင်က ချိတ်ဆက်ထားတဲ့ သူတွေ ဖြစ်နိုင်ပါတယ်။ အခုက အေဂျင်စီကို အရေးယူမယ်ဆို တော့လည်း အေဂျင်စီတွေက မလုပ်ဘူးဆိုပြီး ဖြစ်နေတယ်။ အခုလိမ်တယ်ဆိုတဲ့ အေဂျင်စီကို ဆက်သွယ် မေးမြန်းကြည့်တော့ သူတို့လုပ်တာ မဟုတ်ဘူး ပြောတယ်။သက်ဆိုင်ရာ အာဏာပိုင်တွေကနေ စုံစမ်းဖော်ထုတ်မှာပေါ့ ။ နေဝန်းကမ္ဘာက မပိတ်ရသေးဘူး ။ သူကလည်း ဂျပန်ကို တယောက်မှ မပို့ဘူးဘူး ။အခုသူ့နာမည်နဲ့ လုပ်သွားတော့ သူလည်း သတင်းစာက နေတောင် ကြေငြာနေရတယ် ။ ဘာမှမဆိုင်ကြောင်း ထည့်နေရတယ် ။ လုပ်သွားတဲ့သူက အကွက်ကျကျကို လုပ်သွားတဲ့ သဘောရှိတယ်။ ” လို့ MOEAF ရဲ့ တာဝန်ရှိသူ ကပြောပါတယ် ။
ဂျပန်မှာ အလုပ်လုပ်ဖို့အတွက် အဆိုပါ အေဂျင်စီတွေကို ချိတ်ဆက် ပေးတာက ဂျပန်စာ သင်တန်းကျောင်းသုံးကျောင်း ကနေ ဆက်သွယ် ပေးတာ ဖြစ်ကြောင်း သိရပြီး လက်ရှိမှာ သင်တန်းကျောင်းတွေကတော့ ငွေကြေး လိမ်ညာမှုက သူတို့နဲ့ မသက်ဆိုင်ကြောင်း ပြောဆိုမှု ရှိနေတယ်လို့ သိရပါတယ် ။
” ကလေးတွေက သင်တန်းကျောင်း တက်တယ် ။ ကျောင်းက ချိတ်ဆက်ပေးတယ်။ ကျောင်းက ချိတ်ဆက်ပေးတော့ မှန်မှာပဲဆိုပြီး ယုံကြည်ချက်ရှိလို့ ခုလိုပိုက်ဆံ ပေးတာပေါ့။ ဘာလို့ဆို ပိုက်ဆံ သိန်း ၁၀၀ ကျော်ကို ဘောက်ချာမပါ ဘာမပါကို ဒီတိုင်းပေးဖို့ ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ ။ သင်တန်းကျောင်း သုံးကျောင်း လို့ပြောတယ်။သူတို့ ပယောဂ မကင်းဘူး ။သူတို့ကတော့ သူတို့နဲ့ မဆိုင်ဘူးဆိုပြီး တိုင်တော့ လိုက်ပါလာပြီး ပြောတယ်။ ဒါပေမယ့် သူတို့မှာ တာဝန်မကင်းဘူး ။ ကလေးတွေက သူတို့ပေါ်မှာ ယုံလို့ ပိုက်ဆံပေးတာလေ ။ ” လို့ သူက ထပ်မံ ပြောပါတယ်။
ငွေလိမ်ခံခဲ့ရ သူတွေကတော့ ဂျပန်သွားဖို့အတွက် ပေးလိုက်ရတဲ့ ငွေကြေး နဲ့ ပတ်စ်ပို့စာအုပ် ကို ပြန်လည် ရရှိရေးအတွက် ကူညီဆောင်ရွက် ပေးဖို့ MOEAF ရုံးကို လာရောက် တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ငွေကြေးလိမ် လည်သွားသူတွေက အဖွဲ့လိုက် စနစ်တကျနဲ့ လိမ်ညာ သွားတာ ဖြစ်ပြီး လက်ရှိမှာ ထွက်ပြေး ရှောင်တိမ်း နေတယ်လို့ သိရပါတယ်။
ဂျပန်စာ သင်တန်း အမည်ခံပြီး အေဂျင်စီ ၊ ပွဲစား တွေနဲ့ ပူးပေါင်းပြီး ဂျပန်ကို အလုပ်လုပ်ဖို့ ပို့ပေးမယ် ဆိုပြီး ငွေကြေးလိမ် လည်နေတာတွေ အဖြစ်များနေတာကြောင့် အစိုးရ အနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းပြီး အရေးယူပေးဖို့ ပြောဆိုနေ ကြပါတယ်။
ဓာတ်ပုံ – MOEAF ဆီ လာရောက် တိုင်ကြားနေတဲ့ မြင်ကွင်း

Related posts

Leave a Comment

VOM News

FREE
VIEW