ဒီဇင်ဘာ ၁၃ – ၂၀၂၅
SS (VOM)
မန္တလေးတိုင်း၊ မိုးကုတ်အရှေ့ဘက် မှာ မနေ့ ဒီဇင်ဘာ ၁၂ ရက်၊ မနက် ၉ နာရီဝန်းကျင်ကစပြီး အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ မနက်ပိုင်းကစပြီး ပြောင်ခေါင်းထိပ်ရွာ အနီးဝန်းကျင်မှာ လက်နက်ကြီး ပစ်ခတ်သံတွေ၊ ပေါက်ကွဲသံတွေ ထွက်ပေါ်နေသလို မြို့ပြင် ဆတ်အင်းပြန့်ရွာ အနီးမှာလည်း တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
“ဆတ်အင်းပြန့်ရွာမှာ မနေ့ မနက်ပိုင်းကစပြီး တိုက်ပွဲတွေ ပြင်းထန်လာတာ။ မနေ့ ညနေ ၄ နာရီခွဲလောက်လည်းကျရော ပစ်ခတ်သံတွေ ပိုစိပ်လာပြီး အသံတွေက မြို့နဲ့ပိုပြီး နီးကပ်လာတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်တခုမှာလည်း ဆတ်အင်းတောင်တဝိုက်မှာ ပစ်ခတ်မှုတွေကြောင့် မီးခိုးလုံးတွေ တလူလူတက်နေတာကို တွေ့ရပါတယ်။
ဆတ်အင်းပြန့် ဆိုတာဟာ မိုးကုတ်ကနေ ချောင်းကြီးရွာ၊ ကျောက်ဝါရွာဘက်ကို သွားတဲ့လမ်းဖြစ်ပြီး အဲဒီဘက်ကနေ မိုးမိတ်ဘက်ကို ဆင်းလို့ရတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ဒေသခံတွေကို အစိုးရတပ်က မြို့ထဲကနေ ထွက်ခွာခွင့် ပိတ်ပင်ထားပြီး သစ်ဆိမ့်ကုန်းနဲ့ ဂွေ့ပင်ကျေးရွာကိုလည်း ပိတ်ဆို့ထားသလို လေကြောင်း တိုက်ခိုက်မှုတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။
တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် တအာင်းတပ်မတော် (TNLA) နဲ့ အပစ်ရပ် သဘောတူညီပြီးနောက်ပိုင်း မိုးကုတ်မြို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်၊ ညနေပိုင်းမှာ အစိုးရတပ်တွေ ပြန်လည် ဝင်ရောက်လာတာ ဖြစ်ပါတယ်။
အဲဒီလို ဝင်ရောက်လာပြီးတဲ့နောက် နိုဝင်ဘာလ ၃၀ ရက်ကစပြီး လက်ရှိအချိန်အထိ မြို့ပတ်ချာလည်မှာ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိကာ တိုက်ပွဲအတွင်း လက်နက်ကိုင်တပ်တွေက အစိုးရတပ်ရဲ့ အရေးပါတဲ့ စစ်စခန်း သုံးခုကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ပထမပတ်ထဲမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဒီဇင်ဘာ ၁၁ ရက်နေ့ကလည်း မိုးကုတ်မြို့ ပြည်သူ့ဆေးရုံနဲ့ ဆာကူရာမိုး တည်းခိုခန်းရှေ့မှာ တပ်စွဲထားတဲ့ အစိုးရတပ် တပ်ဖွဲ့ဝင်တွေကို လက်နက်ကိုင်တပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
“ဒီဇင်ဘာ ၁၁ ရက်၊ ညနေ ၄ နာရီခွဲလောက်မှာ ဖြစ်တာပါ။ ဆေးရုံကြီးဝင်းထဲနဲ့ အဲဒီ ဆေးရုံကြီးနားက တည်းခိုခန်းရှေ့ကို သုံးလုံးကျတာ။ ပေါက်ကွဲမှု ဖြစ်ခဲ့ပေမယ့် ဘာမှမဖြစ်ဘူး။ လူတယောက်မှ မထိဘူး” လို့ သူက ပြောပါတယ်။
အစိုးရတပ်တွေဟာ မိုးကုတ်မြို့ထဲကို ဝင်ရောက်လာပြီးနောက် ဆေးရုံ၊ အထက (၁) စာသင်ကျောင်းနဲ့ ဗိုလ်ပိန်းခြံတို့မှာ တပ်စွဲထားသလို ဟောင်ဝှစ်ဇာ လက်နက်ကြီးတွေလည်း တပ်ဆင်နေပြီး ဒေါ်နန်းကြည်တောင်၊ ရဲစခန်းနဲ့ မြို့ဦးလွင်တို့မှာလည်း အင်အား အလုံးအရင်းနဲ့ တပ်စွဲထားတယ်လို့ သိရပါတယ်။
လက်ရှိမှာ အစိုးရတပ်ဟာ ပြင်ဦးလွင် – မိုးကုတ်၊ မိုးကုတ် – မိုးမိတ်လမ်းပိုင်းကို ပြန်လည် ထိန်းချုပ်ထားပြီး မိုးကုတ်မြို့ရဲ့ အနီးဝိုက်ရှိ နေရာတွေကိုတော့ ဒေသတွင်း လက်နက်ကိုင် တပ်တွေက ထိန်းချုပ်ထားကာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
Photo – CJ
