ဇန်ဝါရီ ၂၇ ၊ ၂၀၂၆
GG (VOM)
နီပါဗိုင်းရပ်စ် Nipah virus က လက်ရှိ မြန်မာနိုင်ငံမှာ ကူးစက်ဖြစ်ပွားခြင်း မရှိသေးပေမယ့် Nipah virus သယ်ဆောင်တဲ့ လင်းနို့က ဒေသတွင်း ကျက်စားမှု ရှိတဲ့အတွက် ရောဂါကူးစက်ဖြစ်ပွားမှုရှိပါက အချိန်နဲ့ တပြေးညီ ကာကွယ်ထိန်းချုပ်နိုင်ဖို့ အတွက် စီစဥ် ဆောင်ရွက်နေတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒါကြောင့် လက်ရှိမှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနဲ့ နယ်စပ်ဝင်ထွက်ဂိတ်တွေမှာ သံသယ ရောဂါလက္ခဏာရှိမရှိကို စောင့်ကြပ်ကြည့်ရှုဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ဒါအပြင် ဖျားနာခြင်း ၊ စိတ်အခြေအနေ ပြောင်းလဲခြင်း (စိတ်ရှုပ်ထွေးခြင်း၊ သတိလွတ်ခြင်း၊ သတိလစ်ခြင်း၊ စကားမပြောနိုင်ခြင်း) နဲ့ အဖျားကြီးခြင်းကြောင့် မဟုတ်ဘဲ တက်ခြင်း အစရှိတဲ့ လတ်တလော ဦးနှောက်ယောင်ခြင်း လက္ခဏာစုနဲ့ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းအစရှိတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ ခံစားရတဲ့ လူနာတွေ့ရှိပါကလည်း လိုအပ်တဲ့ ဆေးကုသမှု ခံယူနိုင်စေဖို့ နီးစပ်ရာ ဆေးရုံကို လွှဲပြောင်း ကုသမှု ခံယူစေရန် ညွှန်ကြားထားတယ်လို့ သိရပါတယ်။
လူနာအိမ်နဲ့ ပတ်ဝန်းကျင်မှာ ဖျားနာသူ ရှိ/မရှိ ရှာဖွေခြင်း ၊ ရောဂါဖြစ်ပွားမှု ဒေသတွင်းကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုခြင်း ၊ သတင်းပေးပို့ခြင်း ဆောင်ရွက်ရန်၊ လင်းနို့ နေထိုင်ကျက်စားမှု ရှိ/မရှိ နဲ့ ဝက်အစရှိတဲ့ တိရိစ္ဆာန်တွေ အစုလိုက် နေမကောင်းခြင်း သေဆုံးမှုရှိ/မရှိ စုံစမ်းစစ်ဆေးခြင်း ၊ ရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ နဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့လည်း စီစဥ်ထားတယ်လို့ သိရပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့လည်း သံသယလူနာကို ထိတွေ့ကိုင်တွယ်ရာမှာ ပါးစပ်နဲ့ နှာခေါင်းစည်း ၊ လက်အိတ်နှစ်ထပ် နဲ့ PPE ကို စနစ်တကျ ဝတ်ဆင်ရမှာ ဖြစ်သလို အစားအစာ ဘေးကင်းရေးအတွက် လူနာနေထိုင်ရာပတ်ဝန်းကျင်မှာ လင်းနို့ကိုက်ထားတဲ့ အသီးတွေ မစားရန်၊ အုန်းရည်/ထန်းရည်ကို အစိမ်းမသောက်ရန်နဲ့ ကျိုချက်ပြီးမှ သောက်ရန်၊ အစာမစားမီနဲ့ လက်ကို မကြာခဏဆေးကြောနိုင်ရေး ပညာပေးဖို့ပါ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
လူနာအသုံးအဆောင်ပစ္စည်းတွေနဲ့ လူနာနေထိုင်ရာ နေအိမ်၊ ပတ်ဝန်းကျင်ကို ပိုးသတ်သန့်စင်ရန်၊ သံသယလူနာထံမှ လည်ချောင်းနဲ့ အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာ ရယူပြီး ဓာတ်ခွဲ နမူနာပေးပို့တဲ့ စံလုပ်ထုံးလုပ်နည်း နဲ့အညီ စနစ်တကျထုပ်ပိုးပြီး အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)ကို ပေးပို့ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
လိုအပ်သော ဆေးနဲ့ ဆေးပစ္စည်း ၊ တစ်ကိုယ်ရေကာကွယ်ရေးသုံး ပစ္စည်းကို တင်ပြတောင်းခံဖို့ ပြင်ဆင်ထားဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
နီပါဗိုင်းရပ်စ် ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးကို VOM က ဆက်သွယ်မေးမြန်းရာ ” သတင်းထုတ်ပြန်ရေး အဖွဲ့ကနေ ဖြေကြားပေးသွားမယ် ” ဆိုပြီး ပြန်လည် ပြောဆိုခဲ့ပါတယ်။
လတ်တလောမှာ မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း နီပါးရ်ဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေတဲ့ ဒေသတွေကို (ဥပမာ ယခုအခါ အနောက် ဘင်္ဂလား ပြည်နယ်) မလိုအပ်ဘဲခရီးမသွားရန် နဲ့ ရောဂါဖြစ်ပွားရာ ဒေသတွေကို ရောက်ရှိနေသူတွေအနေနဲ့ ရောဂါဖြစ်ပွားရာ ဒေသရှိ ဆေးရုံ သို့မဟုတ် ဖျားနာသူများပြားတဲ့ နေရာကို မလိုအပ်ဘဲ သွားရောက်ခြင်း မပြုဖို့ ထုတ်ပြန် အသိပေးထားတယ်လို့ သတင်းထုတ်ပြန်ရေးအဖွဲ့က ဖြေကြားမှုအရ သိရပါတယ်။
လတ်တလော ရောဂါဖြစ်ပွားရာ ဒေသကို ခရီးသွားခဲ့ပြီး မိမိနိုင်ငံကို ပြန်လာစဉ် သံသယရောဂါတွေ ဖြစ်တဲ့ ပြင်းထန်စွာ ဖျားခြင်းနဲ့ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း ၊ အသက်ရှူရခက်ခဲခြင်း၊ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် အိပ်ငိုက်ခြင်းတို့ ခံစားရပါက လေဆိပ်ကျန်းမာရေးဌာန သို့မဟုတ် နယ်စပ်ဝင်/ထွက်ပေါက်ရှိ တာဝန်ကျ ကျန်းမာ ရေးဝန်ထမ်းတွေ ထံ မပျက်မကွက် သတင်းပို့ဖို့လည်း ညွှန်ကြား ထားတယ် လို့သိရပါတယ် ။
ရောဂါဖြစ်ပွားရာဒေသမှ ပြန်လာပြီး (၁၄) ရက်အတွင်း အထက်ဖော်ပြပါ သံသယ ရောဂါ လက္ခဏာခံစားရပါက ချက်ချင်းနီးစပ်ရာ ကျန်းမာရေးဌာနကို ဆက်သွယ်ရန်လိုအပ်ပြီး ရောဂါဖြစ်ပွားရာဒေသကိုခ ရီးသွားခဲ့တဲ့ ရာဇဝင်ရှိကြောင်း ဆရာဝန်ကို သေချာ ပြောပြပြီး လိုအပ်တဲ့ စမ်းသပ်စစ်ဆေးကုသမှုများ ကို အချိန်မီ ခံယူရမှာဖြစ်တယ်လို့ ဆိုပါတယ်။
မိသားစုထဲမှာလည်း ရောဂါဖြစ်ပွားရာနိုင်ငံတွေကနေ ပြန်လည်ရောက်ရှိလာတဲ့ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာရှိသူကို တွေ့ရှိပါက ဖြစ်စေ ၊ နေထိုင်ရာပတ်ဝန်းကျင်မှာ တိရစ္ဆာန်များ (ဝက်/လင်းနို့)တို့ ထူးထူးခြားခြား သေဆုံးနေတာကို တွေ့ရှိရပါက နီးစပ်ရာကျန်းမာရေးဌာနကို အသိပေးဖို့ ထုတ်ပြန်ထားတယ်လို့ ဖြေကြားထားပါတယ်။
နီပါဗိုင်းရပ်စ်က လင်းနို့ကနေ အဓိက ကူးစက်တာဖြစ်လို့ ရောဂါပိုးရှိတဲ့ လင်းနို့ရဲ့ တံတွေး၊ ဆီး၊ သွေး နဲ့ ထိတွေ့ခြင်း၊ လင်းနို့ စားထားတဲ့ အစားအသောက်၊ အသီးအနှံကို စားသုံးမိခြင်းကမှ ဝက်နဲ့ လူကို ကူးစက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
လူ မှ လူကိုလည်း ရောဂါကူးစက်နိုင်ကြောင်း ၊ ရောဂါပိုးရှိသူရဲ့ ခန္ဓာကိုယ်ကထွက်တဲ့ (ဥပမာ-တံတွေး၊ သွေး၊ ဆီး) နဲ့ တိုက်ရိုက်ထိတွေ့မိခြင်း၊ ရောဂါပိုးကပ်ငြိနေတဲ့ အသီးအနှံကို စားမိတဲ့ ဝက်မှလည်း လူကို ထိတွေ့စားသုံးမိခြင်းတို့မှလည်း ကူးစက်နိုင်တယ်လို့ သိရပါတယ် ။
ရောဂါကူးစက်ခံရပါက ၃ ရက်မှ ၁၄ ရက်အတွင်း ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် အသက်ရှူ ကြပ်ခြင်း စတင်ခံစားရပြီး ရောဂါပြင်းထန်ပါက စိတ်ရှုပ်ထွေးခြင်း၊ မှိန်းခြင်း၊ တက်ခြင်း အစရှိတဲ့ ဦးနှောက်ရောင်ရမ်းခြင်း လက္ခဏာကို ခံစားရပြီး ၂၄ နာရီမှ ၄၈ နာရီအတွင်း မေ့မြောခြင်း ၊ အဆုတ်ရောင်ရမ်းပြီး ပြင်းထန်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ လက္ခဏာတွေ ခံစားရနိုင်တယ်လို့ သိရပါတယ်။
ရောဂါက ပြင်းထန်ပါက ၄၀ မှ ၇၅ ရာခိုင်နှုန်းအထိ သေဆုံးနိုင်ခြေရှိကြောင်း ၊ လတ်တလောမှာ ကာကွယ်ဆေး နဲ့ ကုသဆေး ကာကွယ်ဆေးမရှိသေးဘူးလို့ ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
နီပါဗိုင်းရပ် နဲ့ပတ်သက်ပြီး အထွေထွေရောဂါကုဆရာဝန် တွေကလည်း လိုက်နာရမယ့် အချက်တွေနဲ့ ကြိုတင် ကာကွယ်သင့်တာတွေကို သတိပေး ပြောကြားမှုတွေ ရှိနေပါတယ်။
” အသီးနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို သေချာဆေးကြောသန့်စင်ပါ။ အခွံခွာစားပါ။ တောရိုင်းတိရစ္ဆာန်တွေ၊ နေမကောင်းတဲ့ပုံပေါက်နေတဲ့ အကောင်ပလောင်တွေကို မထိတွေ့ပါနဲ့။အထူးသဖြင့် ဝက်နဲ့ လင်းနို့တွေကို ရှောင်ပါ။ အသားစားတဲ့အခါ သေချာချက်ပြုတ်ပြီး စားပါ။အပြင်ထွက်ရင် မက်စ်တပ်ပါ။ လက်ဆေးပါ။ လေထဲကနေ ကူးစက်တာမျိုးမဟုတ်ဘူး။ အိန္ဒိယကလွဲလို့ တခြားနေရာတွေမှာ ပျံ့နေတယ်ဆိုတဲ့ အေထာက်အထား လောလောဆယ် မတွေ့ရသေးဘူး။မြန်မာနဲ့ ထိုင်းမှာ ကူးစက်မှုမရှိဘူး။ အခု ဖျားနာနေကြတာက ရာသီဥတု အကူးပြောင်းဖြစ်တာ၊ ဝတ်မှုံကူးချိန် လေမသန့်ချိန်ဖြစ်နေတာ၊ seasonal ဖြစ်လေ့ရှိတဲ့ တုပ်ကွေးနဲ့ အအေးမိဗိုင်းရပ်စ်တွေ ဖြစ်နေဖို့များပါတယ်။ သိပ်မစိုးရိမ်ပါနဲ့။ ” လို့ ဒေါက်တာ သူရိန်လှိုင်ဝင်းက အကြံပြု သတိပေး ပြောဆိုပါတယ်။
Nipah Virus ကူးစက်မှုကို အိန္ဒိယ နိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် (West Bengal) မှာ တွေ့ရှိရပြီး ကာလကတ္တားမြို့ အနီးရှိ ဘာရာဆတ် (Barasat) ဒေသမှာ အတည်ပြုလူနာ ငါးယောက်တွေ့ထားကြောင်း ဉ အဆိုပါဒေသမှာ ရောဂါပိုးကို ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည် တွေ့ရှိခြင်းဖြစ်တယ်လို့ ဝန်ကြီးဌာန ထုတ်ပြန်မှုအရ သိရပါတယ်။
Nipah Virusက တိရစ္ဆာန်ကမှ တဆင့်ကူးစက်တတ်တဲ့ ရောဂါဖြစ်ပြီး ၁၉၉၉ ခုနှစ်မှာ မလေးရှား နဲ့ စင်ကာပူနိုင်ငံတို့မှာ ဝက်နဲ့ လူတွေကို ကပ်အသွင် ကူးစက်ဖြစ်ပွားရာကနေ စတင်တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
