မတ် ၂၁ ၊ ၂၀၂၆
GG (VOM)
စစ်ကိုင်းတိုင်း ၊ ကသာ မြို့နဲ့ မြောင်မြို့နယ်မှာလေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူအများအပြားနဲ့ ထိခိုက်ဒဏ်ရာ ရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိ ရပါတယ်။
မနေ့က မတ် ၂၀ ရက်နေ့ ၊ မနက်ပိုင်း ၁၁ နာရီကျော်လောက်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ကသာမြို့မှာဆိုရင် ရပ်ကွက် ( ၃) ရှိ မဟာလေးထပ်ဘုန်းကြီးကျောင်းကို တိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း ၊ အဲဒီတိုက်ခိုက်မှုမှာ သေဆုံးသူများပြားခဲ့ပြီး ထိခိုက်ဒဏ်ရာရှိသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
” လေးထပ်ကျောင်းက မြို့ထဲလို့ပြောရမှာပေါ့ ။အဲဒါနဲ့ ပေ ၃၀၀ လောက်အကွာမှာ ထောင်လည်းရှိတယ်။ ကျောင်းမှာက အရှေ့ဘက်ကမ်းကနေ လာနေကြသူတွေလည်းရှိတယ်။ မနေ့က ပစ်ကြခတ်ကြတော့ ပြေးကြလွှားကြရင်း ထပ်ရောက်လာတာလည်း ရှိတယ်သိရတယ်။ တကယ်တော့ မနေ့က တပ်က ကသာက မြိုင်ကျောင်းမှာ ဆွမ်းကပ်ရှိတယ်ဆိုတာကို တောလက်နက်ကိုင်အဖွဲ့တွေက သတင်းရပြီး လာပစ်ကြတာ လို့သိရတယ်။ သဖန်းကိုင်းဘက်လည်း အကုန်ပြေးရတယ်။ သေတာများတယ်ဆိုပေမယ့် အတိအကျ မသိရသေးဘူး ။ကျောင်းထိုင် ဆရာတော် ကြီးကတော့ ဘေးကင်းတယ် သိရတယ်။ ” လို့ စစ်ရှောင်ကူညီနေသူက ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် လေးထပ်ဘုန်းကြီးကျောင်း မီးလောင်ပျက်စီးခဲ့ရသလို သံဃာနဲ့ လူတွေ သေဆုံးခဲ့ရတာဖြစ်ကြောင်း ကနဦးသိရှိရပြီး သေဆုံးသူ အရေအတွက်နဲ့ ထိခိုက်ဒဏ်ရာရအ ခြေအနေကိုတော့ အတိအကျမသိရှိရသေးပါဘူး ။
လက်ရှိ ကသာမြို့မှာက ဆေးရုံဖွင့်လှစ်နိုင်ခြင်း မရှိသေးတဲ့အတွက် ထိခိုက်ဒဏ်ရာရရှိသူတွေအနေနဲ့ ဆေးကုသမယ်ဆိုပါက နီးစပ်ရာ ဆရာဝန် ၊ သူနာပြုတွေနဲ့သာ အဆင်ပြေသလို ကုသရမယ့် အခြေအနေရှိတယ်လို့ သိရပါတယ်။
ကသာမြို့ လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး အစိုးရတပ်ထောက်ခံသူတွေနဲ့ လုံခြုံရေး အဖွဲ့နီးစပ်သူတွေကတော့ PDF တွေရှိတဲ့အတွက် တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း နဲ့ သေဆုံးသူတွေဟာ PDF ပူးပေါင်းအဖွဲ့နဲ့ထောက်ခံသူတွေဖြစ်တယ်လို့ ရေးသားဖော်ပြနေကြပါတယ်။
မြောင်မြို့နယ်မှာလည်း မနက် ၁၁ နာရီကျော်လောက်က နဘတ်ရွာမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး တယောက်သေဆုံးကာ ခုနှစ်ယောက်ဒဏ်ရာရရှိခဲ့ပြီး အိမ်ငါးလုံး ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။
“လေကြောင်းက နှစ်ကြိမ်ဖြစ်တာ။ ရွာက ဆီစက်နားမှာကျပြီး ပေါက်ကွဲတယ်။ တယောက် ပွဲချင်းပြီး သေတယ်။ ဒဏ်ရာရတွေထဲမှာ ပြင်းထန်အဆင့်တွေလည်း ပါတယ်။ သေဆုံး ထပ်တိုးနိုင်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
မြောင်မြို့နယ် နဘတ်ကျေးရွာဟာ အိမ်ခြေ ၁၀၀၀ ကျော်ရှိတဲ့ စံပြ ကျေးရွာကြီးတရွာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းကလည်း လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် နှစ်ယောက် သေဆုံးကာ ငါးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
