နမ့်ခမ်း ဆေးရုံက ပစ္စည်းတွေကို TNLA သယ်ထုတ် ရွှေ့ပြောင်း

မတ် ၁၈၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ရာ နမ့်ခမ်းမြို့ ဆေးရုံကြီးက ပစ္စည်းတွေကို မတ်လ ၁၆ ရက်နေ့ကစ TNLA တပ်ဖွဲ့ဘက်က သယ်ထုတ် ရွှေ့ပြောင်းနေပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မနေ့ မတ်လ ၁၇ ရက် မနက်ပိုင်းလည်း နမ့်ခမ်း ဆေးရုံက ပစ္စည်းတွေကို TNLA ဘက်က သယ်ထုတ် ရွှေ့ပြောင်းနေတာ တွေ့ရတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
နမ့်ခမ်း ဆေးရုံက ပစ္စည်းတွေ ဘယ်ကို သယ်သွားသလဲ ဆိုတာတော့ မသိရဘူးလို့ သူက ပြောပါတယ်။
“နမ့်ခမ်းဆေးရုံက ပစ္စည်းတွေ မတ်လ ၁၆ ရက်နေ့ကတည်းက သယ်ရွှေ့ နေကြတယ်” လို့ နောက်ထပ် ဒေသခံ တယောက်ကလည်း ပြောပါတယ်။
ဆေးရုံကို နမ့်ဆန်ဘက် ရွှေ့ပြောင်းမလို့လည်း ကြားတယ်လို့ သူက ပြောပါတယ်။
နမ့်ခမ်းမြို့ကို MNDAA ဘက်က ထိုးစစ်ဆင်မယ်လို့ သတင်း ထွက်ပေါ်လာပြီးနောက် မတ်လ ၁၆ ရက်နေ့မှာတော့ ဆရာဝန်ကြီးတွေ ရှောင်တိမ်းသွားကြတယ်လို့ ကြားသိရကြောင်း နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
မနေ့ မတ်လ ၁၇ ရက်နေ့က MNDAA နဲ့ TNLA ခေါင်းဆောင်ပိုင်းတွေ လောက်ကိုင်မှာ ဆွေးနွေးတယ်လို့ သတင်းထွက်လာပြီး တိုက်ပွဲတွေ ငြိမ်သွားသလို နမ့်ခမ်း ထိုးစစ်လည်း ရပ်တန့်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW