ခွင့်ပြန်လုပ်သားတွေ ပြည်ပပြန်ထွက်ဖို့ အခက်ကြုံနေရ

မတ် ၂၁ – ၂၀၂၆
SN (VOM)
ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား (OWIC) ရှိပေမယ့် ပြည်ပပြန်လည် ထွက်ခွာဖို့အတွက် အလုပ်သမား ဝန်ကြီးဌာနထံ ခွင့်ပြုချက် တောင်းခံရာမှာ အမျိုးမျိုးသော အခက်ခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ခွင့်ပြန် အလုပ်သမားတွေက ပြောပါတယ်။
OWIC ထုတ်ယူပြီး ပြည်ပထွက်ခွာဖို့ လေယာဉ်လက်မှတ် ဝယ်ယူပြီးပါက ပြည်ပထွက်ခွာခွင့်ကို အနည်းဆုံး ရုံးဖွင့်ရက် ငါးရက် (ရုံးပိတ်ရက်မပါ) ကြိုတင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ ပြည်ပကို ထွက်ခွာနိုင်မှာ ဖြစ်တယ်လို့ အလုပ်သမား ဝန်ကြီးဌာနက အသိပေးထားတာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့ ခွင့်ပြန် အလုပ်သမားတယောက်က “အခုဖြစ်နေတဲ့ ပြဿနာက သူတို့ ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်အချိန် ခွင့်ပြုပေးမယ်ဆိုတာ အတိအကျ မသိရတာဘဲ။ ဖြစ်သင့်တာက ခွင့်ပြုချက်တောင်းခံပြီး ဘယ်နှစ်ရက်အတွင်း ဆိုတာမျိုး ဖြစ်သင့်တာ။ လေယာဉ်လက်မှတ် ဖြတ်ထားတာက ဒီနေ့ဆို၊ နောက်နေ့မှ ခွင့်ပြုချက်ရတာမျိုး ရှိတယ်။ လေယာဉ်လက်မှတ်ဖိုးလည်း ဆုံးတယ်။ သူတို့ သတ်မှတ်ရက်အတွင်း မထွက်ရင်လည်း အစကနေတခါ ခွင့်ပြုချက် ပြန်လျှောက်ရတယ်” လို့ ပြောပါတယ်။
OWIC ကတ် ကိုင်ဆောင်ထားသူတွေ အနေနဲ့ ပြည်ပပြန်လည် ထွက်ခွာခွင့်အတွက် အရင်က အလုပ်သမားဝန်ကြီးဌာနကို အီးမေးလ်ပေးပို့ အကြောင်းကြားကာ လေဆိပ်မှာ အီးမေးလ်ပြပြီး ထွက်လို့ရခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် အသစ်ပြန်လည် ပြင်ဆင်လိုက်တဲ့ စည်းမျဉ်းအရ အလုပ်သမား ဝန်ကြီးဌာနထံ ပြည်ပထွက်ခွာခွင့် လျှောက်ထားရမှာဖြစ်ပြီး လျှောက်ထားရာမှာ ဗီဇာ၊ နိုင်ငံကူးလက်မှတ် မိတ္တူ၊ OWIC ကတ် မိတ္တူ၊ လေယာဉ်လက်မှတ် မိတ္တူတွေကို တင်ပြ လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ပြန်သွားပြီးပြီးချင်း တင်တာတောင် ပြန်ထွက်မယ့်နေ့ လေယာဉ်ကွင်းမှာ ငုတ်တုပ်မေ့။ ရန်ကုန် – ထိုင်း၊ ထိုင်း – ကူဝိတ်‌ လေယာဥ်လက်မှတ် ရှုံးသွားသေးတယ်။ စာရင်းထဲပါဖို့ ရက် ၄၀ ကျော် စောင့်လိုက်ရတယ်” လို့ ပြည်ပရောက် မြန်မာလုပ်သားတယောက်က ပြောပါတယ်။
ဒါအပြင် အခု ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ စတင်ကာ OWIC ကတ်အသစ်တွေ ပြန်လည် ထုတ်ပေးမယ်လို့ ကြေညာထားပေမယ့်လည်း လက်ရှိမှာ ကတ်ထုတ်ပေးမှု ကြန့်ကြာနေတာကြောင့်လည်း ပြည်ပထွက်ခွာဖို့အတွက် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“ကတ်ပြုလုပ်ခွင့် စာရင်းပါဖို့အတွက် ဘယ်နှစ်ရက်ကြာမှန်း မသိတာကို တခါစောင့်ရတယ်။ လိုအပ်ချက်ရှိနေရင် စာရင်းက တော်တော်နဲ့ ပါမလာဘူး။ ကျွန်တော်ဆို ဟိုဘက်က အလုပ်ရှင်ရဲ့ ဖုန်းနံပါတ်နဲ့ ပြဿနာတက်တာ။ အလုပ်ရှင်ဆီ သူတို့ဖုန်းဆက်တာ ဆက်မရလို့၊ အလုပ်ရှင်က ဖုန်းမကိုင်လို့ ကျွန်တော် OWIC ကတ်မရဘူး၊ ဒီက ပြန်ထွက်မရဘူး ဖြစ်နေတယ်” လို့ အလုပ်သမားတယောက်က ပြောပါတယ်။
OWIC ကတ်လျှောက်ဖို့အတွက် PJ (Passport for Job) နိုင်ငံကူးလက်မှတ်၊ အလုပ်ခေါ်စာ (Demand Letter)၊ အလုပ်ခန့်အပ်မှုစာချုပ် (Employment Contract)၊ ဗီဇာ၊ ကျန်းမာရေးစစ်ဆေးချက်နဲ့ စာချုပ် ချုပ်ဆိုထားတဲ့ အေဂျင်စီမှ အထောက်အထားတွေ လိုအပ်တယ်လို့သိရပြီး အလုပ်သမားဝန်ကြီးဌာနမှာ လူကိုယ်တိုင် လျှောက်ထားရမှာဖြစ်ကာ ပွဲစားကတဆင့် လုပ်ဆောင်ခြင်းကို တားမြစ်ထားပါတယ်။
“သူတို့ ပြောထားတဲ့ အချက်အလက်တွေထဲမှာ တခုလောက် လိုအပ်ချက် ရှိသွားရင်လည်း ကတ်ထုတ်ပေးမယ့် စာရင်းထဲ မပါနိုင်ပါဘူး။ နောက်တခု PV (Visit) ပတ််စ်ပို့ ကိုင်ဆောင်ပြီးမှ PJ (Job) ပြောင်းထားသူတွေနဲ့ PJ သက်တမ်းတိုးတွေလည်း လက်ရှိ လုပ်ထုံးလုပ်နည်းအရ OWIC ရဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ ဒီအချိန်မှာက အဖက်ဖက်ကနေ တင်းကြပ်ထားတဲ့ သဘောပါ။ ပြန်လာပြီး ပြန်ထွက်ဖို့အတွက် OWIC ရဖို့လည်း ကြာနိုင်သလို၊ ရပြီးရင်လည်း ပြန်ထွက်ဖို့ မလွယ်နိုင်ပါဘူး” လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီ အကျိုးဆောင်တယောက်က ပြောပါတယ်။
ဒါအပြင် OWIC ကတ် သက်တမ်းတိုးတာ (ဒါမှမဟုတ်) ပတ်စ်ပို့ သက်တမ်း တိုးတာတွေအတွက်ကိုလည်း အခုနောက်ပိုင်းမှာ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ထားတဲ့ အထောက်အထား (Tax Receipt) ရှိမှသာ ခွင့်ပြုပေးနေတာကြောင့် အခွန်ဆောင်ထားဖို့လည်း လိုအပ်တယ်လို့ သူက ပြောပါတယ်။
နောက်ထပ် သတိပြုရမယ့် အချက်ကတော့ OWIC ကတ်ဟာ သက်တမ်း ငါးနှစ်ရှိတာ ဖြစ်ပေမယ့်လည်း ပတ်စ်ပို့သက်တမ်း ကုန်ဆုံးပါက ကတ်သက်တမ်းလည်း အလိုအလျောက် ကုန်ဆုံးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW