မတ် ၂၁ ၊ ၂၀၂၆
CC (VOM)
သင်္ကြန်ကာလအတွက် အဝေးပြေးကားလက်မှတ်တွေကို ကြိုတင်ရောင်းချပေးနေပေမယ့် စက်သုံးဆီအခက်အခဲကြောင့် ဆီပြတ်သွားပါက ငွေပြန်အမ်းမှာဖြစ်ကြောင်း ခရီးသည်တင်ယာဥ်လိုင်းတချို့က စာနဲ့တကွ အသိပေးမှုတွေ ပြုလုပ်လာတယ်လို့ သိရပါတယ်။
ယာဥ်လိုင်းတွေဘက်က အဲဒီလို အသိပေးလာတဲ့အတွက် သင်္ကြန်ကာလအတွင်း ခရီးသွားကြမယ့်သူတွေ နဲ့ နေရပ်ကို အလည်ပြန်ကြမယ့်သူတွေမှာ သင်္ကြန်ကာလအနီး ကားလက်မှတ်စျေးထပ်မံ မြင့်တက်ခြင်း နဲ့ ကားမထွက်တဲ့ ကိစ္စတွေ ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။
” နယူးသီရိရတနာကားက လက်မှတ်ဖြတ်ရင် အဲဒီဆီပြတ်ရင်ငွေပြန်အမ်းမယ်ဆိုတဲ့ စာကိုပါ တပါတည်းတွဲ အသိပေးထားတယ်။ ခရီးသည်က လက်ခံနိုင်ရင် ကြိုဖြတ်လို့ရတယ်ပေါ့ ။မတတ်နိုင်ဘူးလေ။ အနားနီးမှ ဘာဖြစ်မလဲမသိပေမယ့် လက်မှတ်ကတော့ ကြိုဖြတ်ရမှာပဲ။အနားနီးမှရဖို့က မသေချာဘူး ။ သင်္ကြန်ဆိုရင် နှစ်တိုင်း လက်မှတ်ကဝယ်မရဖြစ်ပြီး စျေးကလည်းတက်နေကြဆိုတော့ ခုနှစ်ပိုစိုးရိမ်တာပေါ့ ။ လက်မှတ်ဖြတ်ထားပေမယ့်လည်း စျေးထပ်ပိုပေးရမလား ၊ အနားနီးမှ ကားကမထွက်နိုင်ဖြစ်မလားဆိုပြီး စိတ်ပူရတယ်။ စျေးတွေကတော့ အခုကိုတက်နေတာပါ ။ ” လို့ သင်္ကြန်ကာလအတွက် ကားလက်မှတ်ဖြတ်ထားသူ တယောက်က ပြောပါတယ် ။
လက်ရှိမှာ အဝေးယာဥ်လိုင်းအချို့က သင်္ကြန်ကာလအတွက် ကားလက်မှတ်တွေ ကြိုတင်ရောင်းချမှု ရှိနေပြီး သင်္ကြန်အတွက် ရန်ကုန် – မန္တလေး ဆိုရင် ရိုးရိုးက ၄၀၀၀၀ ကျပ်နဲ့ အထူးကားက ၆၀၀၀၀ ကျပ်စျေးနူန်းရှိတယ်လို့ ယာဥ်လိုင်းတခုဆီက သိရပါတယ်။
အဝေးပြေးယာဥ်လိုင်း တချို့ကတော့ သင်္ကြန်ကာလမှာလည်း ကားတွေ ပြေးဆွဲမှာဖြစ်ကြောင်း ပြောဆိုမှုရှိနေပေမယ့် စက်သုံးဆီစျေး အတက်အကျနဲ့ ဝယ်ယူရရှိမှုအပေါ်မူတည်ပြီး ကားလက်မှတ်စျေး အပြောင်းအလဲရှိနိုင်သလို စက်သုံးဆီ အခက်အခဲရှိပါက ခရီးစဥ်လျှော့ချပြေးဆွဲတာမျိုး ရှိလာနိုင်တယ်လို့ သိရပါတယ်။
” ဆီ အလုံအလောက်မရရင် ကားတွေထွက်နိုင်ဖို့ခက်မှာပဲလေ။ ဥပမာ ရန်ကုန်- မန္တလေးကို တနေ့ ကားခြောက်စီးထွက်ရမယ့်ဟာက လေးစီးပဲထွက်နိုင်တာမျိုးရှိလာနိုင်တယ်။ ပြေးဆွဲနိုင်မယ့် အကြိမ်ရေ လျော့သွားတာမျိုးပေါ့ ။အဲဒါဆိုရင် မထွက်နိုင်တော့တဲ့ လက်မှတ်ဖြတ်ထားသူတွေကို Cancel လုပ်ရမယ့် အခြေအနေ ဖြစ်သွားနိုင်တယ်။ ခရီးသွားမယ့်သူတွေနစ်နာတာပေါ့။ အခြေအနေက ကြိုပြောလို့မရဘူး ။ဆီက ရရင်လဲ ရသွားမှာ။ ဆီရရင် အကုန်အဆင်ပြေတယ်။ ” လို့ အဝေးပြေးယာဥ်လိုင်းတခုရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် စက်သုံးဆီအခက်အခဲကို မြန်မာနိုင်ငံမှာ ကြုံတွေ့နေရပြီး စျေးနူန်းအဆမတန်မြင့်တက်လာကာ ဆီဝယ်ယူရာမှာလည်း အကန့်အသတ်နဲ့သာ ရရှိနေတဲ့အတွက် အဝေးပြေးယာဥ်လိုင်းတွေမှာလည်း အခက်အခဲ ဖြစ်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ် ။
ရန်ကုန် – နေပြည်တော် (VIP) က ၃၃၀၀၀ ကျပ် ၊ ရန်ကုန် – နေပြည်တော် ရိုးရိုးက ၂၄၀၀၀ ကျပ် ရှိပြီး ရန်ကုန် – မြစ်ကြီးနားက ၁၇၀၀၀၀ မှ ၁၉၀၀၀၀ ကျပ် ၊ မန္တလေး – မြစ်ကြီးနားက ၂၀၀၀၀၀ ကျပ် ရှိတယ်လို့ သိရပါတယ် ။
လက်ရှိမှာ Elite Express အပါအဝင် အဝေးပြေးယာဥ်လိုင်း အများစုက ကားလက်မှတ် ဈေးနှုန်းတွေကို တိုးမြှင့် ပြောင်းလဲ ကောက်ခံမှုရှိနေတယ်လို့ သိရပါတယ် ။
သင်္ကြန်ကာလမှာ အပန်းဖြေခရီးထွက်သူတွေ ၊ အလုပ်ပိတ်လို့ နေရပ်ဇာတိကိုပြန်ကြသူတွေ အများအပြားရှိတာကြောင့် ပြည်သူတွေ အဆင်ပြေစွာ ခရီးသွားလာနိုင်ရေးအတွက် အဝေးပြေးယာဥ်လိုင်းတွေအနေနဲ့ စက်သုံးဆီကို လိုအပ်သလောက် ဝယ်ယူရရှိနိုင်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အောင်မင်္ဂလာ အဝေးပြေးကားဝင်းရှိ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းတွေကို VOM က ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
ဓာတ်ပုံ – CJ
