မတ် ၃၀ ၊ ၂၀၂၆
CC (VOM)
ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်ထဲက ကြောင်ချောင်းရွာမှာ မတ်လ ၂၉ ရက်နေ့ ညနေပိုင်းက လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး လူခြောက်ယောက်သေဆုံးကာ လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စုံစမ်းသိရှိ ရပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ နေအိမ်တွေလည်း မီးလောင်မှုရှိခဲ့ကြောင်းသိရှိရပြီး လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။
” ညနေ ၄ လောက်မှာ လေယာဥ်နဲ့လာကြဲတယ်။ အိမ်တွေလည်း ပျက်စီးတယ်။ လောလောဆယ် သိရတာ ခြောက်ယောက်သေတယ် လို့သိရတယ် ။ ကျန်တဲ့အခြေအနေတော့ မသိရသေးဘူး ။ ကြောင်ချောင်း ရွာကတော့ အကြီးမဟုတ်ဘူး ရွာငယ်လေးပါ ။ ” လို့ စစ်ရှောင်ကူနေသူ ပလက်ဝဒေသခံ ကပြောပါတယ်။
ပလက်ဝမြို့နယ်ကတော့ AA တပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်ထားတဲ့ဒေသဖြစ်ပြီး ယခုလေကြောင်းကနေတိုက်ခိုက်မှုကလည်း AA တပ်စခန်းရှိရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာသာဖြစ်ကြောင်း အစိုးရတပ်ထောက်ခံသူတွေက ရေးသားပြောဆိုနေကြပါတယ်။
VOM အနေနဲ့ကတော့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေရဲ့ အချက်အလက်နဲ့ပတ်သက်လို့ အတည်ပြုနိုင်ခြင်း မရှိပါဘူး ။
မတ် ၂၂ ရက်နေ့ကလည်း ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်နဲ့ မကွေးတိုင်း ၊ ကျောက်ထုနယ် အစပ်ကို လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်တွေ ရှိခဲ့တယ်လို့ သိရပါတယ် ။
အလားတူ မတ်လ ၁၇ ရက်မှာလည်း ချင်းလက်နက် ကိုင်အဖွဲ့ တွေထိန်းချုပ်ထားတဲ့ တူပီမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ် ။
မတ်လ ၁၄ ရက်နေ့ကလည်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ၊ လုံဟော့ကျေးရွာမှာ လေကြောင်း တိုက်ခိုက်ခံရပြီး သုံးယောက်သေဆုံး မှုရှိခဲ့တယ်လို့ သိရပါတယ် ။
အလားတူ မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းကလည်း ဖလမ်းမြို့၊ လုံပီးရပ်ကွက်၊ စိုက်ပျိုးရေးသိပ္ပံကျောင်းအနီးရှိ CNA ဒုစစ်ဦးစီးချုပ်ရဲ့ နေအိမ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင်သုံးယောက် သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ဖလမ်းမြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အစိုးရတပ်က ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် မြေပြင် စစ်ကြောင်းအပြင် လေကြောင်းတိုက်ခိုက်မှုပါသုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ချင်းလက်နက်ကိုင်အဖွဲ့တွေအနေနဲ့က ဖလမ်းကို လက်မလွှတ်ရရေး ခုခံကာကွယ်တိုက်ခိုက်နေသလို တဖက်မှာလည်း တီးတိန်မြို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့အတွက် လုပ်ဆောင်နေတယ်လို့ သတင်းထုတ်ထားတာတွေ့ရပါတယ်။
ဓာတ်ပုံ – CJ
