သူတို့အိမ် အခန်း (၈၆)

 

ဆူးငှက်

စတင် ပေါင်းသင်း သူငယ်ချင်းများ
—————————————

တကယ်တော့ ကျောင်းတက်ကြရသောအခါ ကျွန်တော်တို့က သစ္စာဆောင်တောင်ဘက်က ဝါးကပ်တဲ အဆောင်များမှာပဲ တက်ကြရသည်။ စာသင်ဆောင်၏ အပြင်ဘက်တွင် နွားချေးပုံတွေကကို မနက်တိုင်းတွေ့နေရသည်။ သင်္ချာမေဂျာမှာ ပထမနှစ်တွင် တက်ရောက်သူများသဖြင့် မနက်ပိုင်းနှင့် ညနေပိုင်းဟူ၍ ၂သုတ်ခွဲ၍ တက်ရ၏။ ကျွန်တော်တို့က မနက်ပိုင်းမှာ တက်ရသည်။ ကျောင်းစတင် တက်သောနေ့များမှာတော့ ကျွန်တော်နှင့် ကျော်ရွှေက အတူတက်ရပြီး ဝင်းဟန်က ရုက္ခဗေဒ ပထမနှစ်အဖြစ် တက်ရတော့ ကျောင်းလာစဉ်မှာသာ အတူတူလာကြပြီး ကျောင်းရောက်သည်နှင့် သူက သူ့အတန်းရှိရာ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ အတန်းရှိရာသွားကြ၏။ မကြာပါ ခဏနေတော့ ဝင်းဟန်က သူ့အတန်းက လစ်လာပြီး ကျွန်တော်တို့ဆီ ရောက်လာသည်။

ကျွန်တော်တို့ အတန်းမှာ အသက်ကြီးသူတွေများသည်။ အဘယ့်ကြောင့် ဆိုသော် ထိုနှစ် ၁၀တန်းက ဝါးလုံးသိမ်း အအောင်ပေးတာဟု ပြောကြ၏။ နောက်နှစ် ဒေသကောလိပ် ပညာရေးစတင်မှာမို့ အတော်များများ အအောင်ပေးသည်ဟု ဆိုကြသည်။ တကယ့် အဖြစ်မှန်ထက် အမနာပ ပြောကြသည့် အာဘော်က ပိုမိုပါ၏။ သို့သော် ၁၀တန်းတွင် ၅နှစ်၅မိုး၊ ၄နှစ်၄မိုး ၃နှစ်၃မိုး စသည်ဖြင့် ၁၀တန်းချိုးကပ်နေသူများ အောင်လာကြသည်ကတော့ သေချာပါသည်။

ကျွန်တော်နှင့် ကျော်ရွှေက လူတောတိုးသူများမဟုတ်ကြတော့ အတန်းထဲတွင် တက်ကြွ ဖျပ်လတ်စွာဖြင့် ရှေ့ဆုံးခုံတွေမှာ နေရာမယူကြဘဲ နောက်ပိုင်းခုံတွေမှာပဲ နေရာယူကြသည်။ ထို့ကြောင့် ကျွန်တော်တို့လို နောက်ပိုင်းခုံမှာပဲ ကျောက်ချကြသူချင်း သူတော်ချင်းချင်း သတင်းလွေ့ကြသည်လေ။

နောက်တန်းပျော် ကျောင်းတော်သားများ
————————————————–

နောက်ခုံတွင် နေရာယူကြသူများတွင် အသက်ကြီးကြီး ၂ယောက်ပါသည်။ တစ်ယောက်က အသားဖြူဖြူ ဒေါင်ကောင်း ဆိုက်ကောင်းနှင့် စီးကရက် အမြဲ ခဲသူတစ်ယောက်၊ နောက်တစ်ယောက်ကလည်း အသက်ကြီးကြီးပါပဲ၊ သူက ဆံပင်ကောက်သည်။ နှာတံချွန်သည်၊ ပိန်၍ အရပ်ရှည်သည်။ ရုပ်ရေက မစ္ဇိျမနွယ်မှန်းသိသာသည်။ သူက အတန်းထဲရောက်၍ ခုံပေါ်ထိုင်သည်နှင့် စာသင်ခုံကို လက်ညှိုးနှင့် မစ္ဇိျမသံစဉ် စည်းချက်ကို ခေါက်နေတတ်သည်။ သူက တစ်ခါတလေ ဘီဒီ ဆေးလိပ်လေးကို သွားနှင့် ညှပ်ကာ ခဲနေတတ်သည်။

သူတို့ ၂ယောက်က ကျောင်းသွားကျောင်းပြန် မခွဲတမ်း အတူတူ၊ သူတို့က အတန်းထဲရောက်ပြီး သူတို့ ထိုင်နေကျ ခုံကို ရောက်သည်နှင့် ဖြူဖြူလူက အသင့်ပါလာသည့် အဝတ်ဟောင်းလေးဖြင့် ခုံကို သေချာသုတ်သည်။ စတွေ့ကာစက သူတို့၂ယောက်ကို ကြည့်ရတာ အဆင်မပြေလှ။ ထောင့်မကျိုးသူ ဗိုလ်ကျသူများဟု မြင်သည်။ အထူးသဖြင့် ၂ယောက်စလုံးက ရုရှားနှင့် တရုတ်ကို အသေဆဲပြီး အမေရိကန်မှ အမေရိကန် ဖြစ်သည်။ ထိုအကြောင်းအရာများကိုလည်း သူတို့၂ယောက်တည်း အော်ကျယ်အော်ကျယ် ပြောကာ တသောသော ရယ်မော နေကြသည်။ သူတို့က အ.ထ.က ၁ ထွက်တွေ၊ အခုတော့ ၃ကြိမ်မြောက် အပြင်ဖြေတွေ။

နောက် ၂ယောက်ကတော့ ၂ယောက်စလုံးက ပါဝါမျက်မှန် အထူတွေနှင့် ချည်း ဖြစ်ကာ ၂ယောက်စလုံးက ခပ်ပုပုချည်း ဖြစ်သည်။ သို့သော် တစ်ယောက်က ဝဝ၊ နောက်တစ်ယောက်က ပိန်ပိန်ကိုင်းကိုင်း နှင့် ဆေးပေါ့လိတ်ကို သောက်လိုက် ချွတ်လိုက် မီးညှိမ်းလိုက်၊ မီးခြစ်ထုတ်ပြီး မီးပြန်ညှိလိုက် ဖွာလိုက်နှင့် တစ်ယောက်ထဲ အလုပ်ရှုပ်နေသူဖြစ်သည်။ သူတို့ ၂ယောက်ကလည်း ကျောင်းသွားကျောင်းတက် မခွဲရက်အား အတူတူ။ သူတို့ ၂ယောက်က ယခု အ.ထ.က ၁၄ တဖြစ်လဲ ဖားသားလဖုန်း ကျောင်းကတဲ့။ အခုအောင်တော့ အပြင်ဖြေပေါ့။

နောက်ထပ် ၂ယောက်ကလည်း အ.ထ.က ၁၄ ထွက်တွေ၊ သူတို့ကတော့ နှစ်ချင်းပေါက်တွေတဲ့။ တစ်ယောက်က ပုပု ဝဝ၊ ဆံပင်ကောက်ကောက်နှင့် မစ္ဇိျမနွယ်ဆင် ရုပ်ရည်ဖြစ်ကာ စီးကရက်က တဖွာဖွာနှင့် ၊ သူက ထိုစဉ်က ခေတ်စားနေသည့် ရလေးစပို့စက်ဘီး အသစ်လေးနှင့် အပေါ်ရှပ်အင်္ကျီ လက်တိုကို အမြဲ အပြင် ထုတ်ဝတ်သည်။ နောက်တစ်ယောက်က ပိန်ပိန် ကိုင်းကိုင်းရှည်ရှည် စီးကရက်ဖွာလိုက် ဆေးပေါ့လိတ်ဖွာလိုက်နှင့် တစ်ခါတလေ သူက ငြိမ်းကျော်ဝတ္ထုစာအုပ်ကို သဲကြီးမဲကြီး ဖတ်နေတတ်သည်။

၉ယောက်ပေါင်း လောင်းကျော်
———————————–

ဤသို့ဖြင့် မကြာပါ၊ တစ်ပတ်အတွင်း ထိုနောက်တန်းပျော် ၃စုံတွဲက ကျွန်တော်နှင့် ကျော်ရွှေ ၁စုံတွဲနှင့် သူတော်ချင်းချင်း ပေါင်းသင်းမိသွားကြတော့သည်။ ၄စုံတွဲ ၈ယောက်ပေါ့လေ။ အ.ထ.က ၁ ထွက် အမေရိကန် ဆရာများဖြစ်ကြသော ဖြူဖြူလူက ကိုမြင့်အောင် တဲ့၊ ရှည်ရှည် မဲမဲလူက ဟီရားလား တဲ့။ ဖားသားလဖုန်းထွက် ပါဝါမျက်မှန်ဆရာ ၂ယောက်တွင် ဝဝ ဆရာက ကိုအုန်းမြင့် တဲ့၊ ပိန်ပိန်ဆရာက ကိုမျိုးထွန်းတဲ့။ အ.ထ.က ၁၄ ထွက် နှစ်ချင်းပေါက် ဆရာ၂ယောက်တွင် ဝဝပုပု ရလေးစပို့ဆရာက ကိုစိုးမြင့် တဲ့၊ ပိန်ပိန်ရှည်ရှည် ဆရာက ကိုမြင့်ဆွေ တဲ့။ ကျွန်တော်တို့ အားသစ် အပြင်ဖြေ ၂ယောက်က ကျွန်တော် ကျော်ဆန်းတဲ့၊ တစ်ယောက်က ကျော်ရွှေတဲ့။ နောက်တော့ ရုက္ခဗေဒ က ဝင်းဟန်ကလည်း သူ့အတန်းမရောက်တော့ဘဲ ကျွန်တော်တို့ဆီမှာပဲ ပူးပေါင်းလိုက်တော့ ၉ယောက်ပေါင်း လောင်းကျော် အုပ်စု ဖြစ်သွားတော့သည်။

ကျွန်တော်တို့က မနက်လင်းတာနှင့် ကျောင်းသို့ လာသည်၊ ပင်မဆောင် အနောက်ဘက်က စက်ဘီးစတင်းမှာ စက်ဘီးအပ်ပြီး ပင်မဆောင် အရှေ့ဘက် GCR ဘေးက အဒေါ်ကြီး၏ ငှက်ပျောပောင်းဆိုင် တမာပင်ရိပ်မှာ လူစုသည်။ လူစုံတော့ ရူပဗေဒ ဌာန အရှေ့ဘက်က ကပ်တဲဆောင်များသို့ ခဏတဖြုတ် သွားကာ ကျောင်းအတက်ပြသည်။ တစ်ချိန်လောက် တက်ပြီး ပင်မဆောင် အနောက်ဘက်က မအေးမာတို့ ချိုကြီး လက်ဖက်ရည်ဆိုင်သို့ ချီတက်ကြကာ ထွေရာလေးပါးသာမက ပေါက်ကရလေးဆယ် ဗရုတ်သုတ်ခ ၄၀၀ အထိ တဝါးဝါး တဟားဟား ပြောကြတာ၊ အတန်းဆင်းမည့် ၁၂နာရီအထိ။ ထိုအချန်ရောက်မှ စာသင်ခန်းထဲက ထွက်လာသည့် အတန်းဖော်များနှင့် ရောနှောကာ ပြန်ကြသည်။ ပြန်ကြသည်ဆိုရာတွင် အိမ်သို့ မဟုတ်ဘဲ ကျောင်းက ပြန်ကာ ဆေးရုံကြီးရှေ့က စိန်မြင့်မိုရ် လက်ဖက်ရည်ဆိုင် သို့မဟုတ် မင်္ဂလာဈေး အနောက်ဘက်က အေးစန်း ကဖေးသို့ နောက်တစ်နေရာ ကျောက်ချကြခြင်း ဖြစ်ပါ၏။

နေ့လယ်စာ ထမင်းစားရင်း မြို့မဘလောက်တိုက်မှာပျော်
—————————————————————-

နေ့ခင်းပိုင်း လက်ဖက်ရည်ဆိုင် ဂျူတီအပြီး မွန်းလွဲ ၂နာရီလောက်မှ အိမ်ပြန်ကာ မနက်စာစားသည်။ သို့မဟုတ် ကျွန်တော်က ကိူမြင့်အောင် အိမ်သို့ လိုက်သွားကာ ဟင်းချက်ကောင်းသော ကိုမြင့်အောင် မိခင်ကြီး ကျွေးသော ထမင်းကို ဝင်စားသည်။ ကျွန်တော်က ကိုမြင့်အောင် အိမ်သို့ လိုက်သည် ဆိုသည်က သူ့အိမ်သည် ရွှေကျီးမြင်ဘုရား မြောက်ဘက် ၂၂လမ်းနှင့် ၂၃လမ်းကြား ၈၂လမ်းနှင့် ၈၃လမ်းကြား မြင်းစာရေးကြီးဝင်းအတွင်းမှာ ရှိသည်။ ကိုမြင့်အောင်တို့က ဘလောက်တိုက်ဖြစ်သည်။ မြို့မ ဘလောက်တိုက်တဲ့။ သူ့ဖခင် ဦးပြုံးက ဝါရင့် ဘလေက်ဆရာကြီး ဖြစ်သည်။ မန္တလေးတွင် ဦးပြုံးတပည့် ဘလောက်ဆရာ ဘလောက်တိုက်များရှိသည်။

ကျွန်တော်က ပန်းချီ ဒီဇိုင်း ဝါသနာပါသူမို့ ကိုမြင့်အောင်အိမ်သို့ လိုက်ကာ ဘလောက်လာအပ်သော ဒီဇိုင်းများကို လေ့လာခြင်း၊ ထိုဒီဇိုင်းများမှ ၄ရောင်ကာလာခွဲကာ ဘလောက်တုံးများ ပြုလုပ်ခြင်းကို ကြည့်ချင်လို့ ဖြစ်သည်။ ကိုမြင့်အောင်က အိမ်ရောက်သည်နှင့် အဝတ်အစားလဲ ထမင်းစား ကာ သူ့ဖခင်၏ ဘလောက်လုပ်ငန်းခွင် ဝင်ရသည်။ ကျွန်တော်ကလည်း ကိုမြင့်အောင်တို့မိသားစုထဲ အားမနာလျှာမကျိုး ထမင်းဝင်စားသည်။ ထို့နောက် ကိုမြင့်အောင်နှင့် ဒီဇိုင်းတွေ မှန်ရိုက်ဖို့ အမှောင်ခန်းထဲ အတူလိုက် ဝင်သည်။

ကျွန်တော် ဝါသနာပါမှန်းသိလို့ ကိုမြင့်အောင်က မှန်ရိုက်တာ၊ ပုံကူးတာတွေ ပြောပြသည်။ အမှောင်ခန်း မဝင်ရဘဲ ရှေ့က အလုပ်စာပွဲမှာ စုတ်တံလေး တစ်ချောင်းနှင့် ကာလာခွဲလျှင်လည်း သူ့ဘေးထိုင်ပြီး စကားပြောကြသည်။ နောက်ပိုင်း မှန်ချပ်တွေ မသုံးတော့ဘဲ ဖလင်ချပ်တွေ သုံးတော့လည်း အမှောင်ခန်းမှာ ဖလင်ဖြတ်တာ ပုံရိုက်တာ ဖလင်ဆေးတာတွေ ကိုမြင့်အောင်ထံ ဝင်ကြည့်သည်။ ကျွန်တော်က ဒီဇိုင်းမတောက်တခေါက် ဆွဲတာသိတော့ အရေးမကြီး လက်မဝင်သော တစ်ရောင် ဒီဇိုင်းလေးတွေ ရေးခိုင်းပြီး ဦးလေးပြုံးက မုန့်ဖိုးပေးသေးသည်။ ညနေစောင်းလုကျ ကိုမြင့်အောင်က အလုပ်စာပွဲ အံထိုးထဲက ပိုက်ဆံလေးယူ လိတ်၍ နားရွက်ကြားညှပ်ပြီး လူမှုဖူလုံရေးရုံး အရှေ့ဘက် ပလက်ဖောင်းပေါ်က လက်ဖက်ရည်ဆိုင်လေး သွားကြတာပေါ့။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW