ခွင့်ပြန် မြန်မာလုပ်သားတွေ သံရုံးထောက်ခံစာယူမယ့်ကိစ္စ အွန်လိုင်းကနေ ​လျှောက်ထားခွင့်ပြုဖို့ အလုပ်သမားတွေလိုလား

ဧပြီ ၂၉ ၊ ၂၀၂၆
GG (VOM)
ပြည်ပခွင့်ပြန် အလုပ်သမားတွေအနေနဲ့ မေ ၁ ရက်ကစပြီး မြန်မာနိုင်ငံကို ပြန်လာမယ့်သူတွေအားလုံး သံရုံးထောက်ခံစာ ယူရမယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဧပြီ ၂၈ ရက်မှ အသိပေးလာပါတယ်။
ခွင့်ပြန် မြန်မာလုပ်သားတွေအတွက် အခုလို ကန့်သတ်ချက်တခု ထပ်မံတိုးလာတာက အဆင်မပြေကြောင်း ၊ သံရုံးမရှိတဲ့ နိုင်ငံတွေမှာ အလုပ်လုပ်နေရသူတွေအတွက်ဆိုရင် ပိုပြီး ခက်ခဲတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။
” ကာတာဆိုရင် သံရုံးမရှိတော့ Saudi ကိုပို့ပြီး သံရုံးထောက်ခံချက်တောင်းရမှာ ။ ခွင့်စာကလည်း သွားရမယ့်ရက်ထက် အများကြီးပိုပြီး စောမပေးပါဘူး။သံရုံးကိုပို့ရင် ထောက်ခံချက်က ပြန်မယ့်ရက်အမီ အချိန်နဲ့တပြေးညီ ချပေးမယ်လို့ အာမခံချက်ရှိလား သေချာမသိဘူး ။နောက်ကျမယ်ဆိုရင်လည်း ခွင့်စာထဲက ရက်နဲ့ ပြန်ဝင်ရက်မတူလို့မရဘူးဆိုတော့ ခက်တယ်။ ပြန်တဲ့ရက်နဲ့ ခွင်ယူတဲ့နေ့ဘဲ ခွင့်ကရတာ။ကျန်တဲ့ ရက်က ခွင့်ယူဖို့မလွယ် ဘူး ။တခုခု စည်းမျဉ်းတွေ ချမှတ်တဲ့အခါ ဒီဘက်က အလုပ်သမားတွေရဲ့ ဘဝ ကို ပြန်ကြည့်စေချင်တယ်။ ” လို့ ကာတာရောက် မြန်မာလုပ်သားတယောက်က ပြောပါတယ်။
ဒါကြောင့် သံရုံးထောက်ခံစာ ရယူဖို့အတွက် သံရုံးတွေအနေနဲ့ အွန်လိုင်းကနေ လျှောက်ထားခွင့် ပြုတဲ့စနစ်ကို ကျင့်သုံးပေးဖို့ လိုအပ်တယ်လို့ ပြည်ပရောက် မြန်မာလုပ်သားတွေက ပြောပါတယ် ။
လက်ရှိညွှန်ကြားစာကတော့ မြန်မာနိုင်ငံကို ခွင့်နဲ့ပြန်လာမယ် အလုပ်သမားတွေအနေနဲ့ အလုပ်ရှင်ခွင့်စာရယူပြီး သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတွေကို သွားရောက်ပြီး ခွင့်စာပြကာ ထောက်ခံစာယူဆောင်ရမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတွေ ဖွင့်လှစ်ထားခြင်းမရှိတဲ့ နိုင်ငံတွေက မြန်မာလုပ်သားတွေအနေနဲ့ အနီးဆုံးနိုင်ငံ ဒါမှမဟုတ် အနီးဆုံးမြို့ရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးကို သွားရောက်ပြီး ခွင့်စာပြသက. ထောက်ခံစာယူဆောင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
” သံရုံးတွေကို သွားပြီးထောက်ခံစာ ယူရမယ်ဆိုတော့ Australia လို နိုင်ငံမှာ သံရုံးက မြို့တိုင်း မှာ မရှိဘူး။ Canada လို နိုင်ငံမှာလည်း သံရုံးကမြို့တိုင်းမှာ မရှိဘူး။ ကိုယ့်တိုင်းပြည်ကို ပြန်တာကို သံရုံးရှိတဲ့ မြို့ကို ပိုက်ဆံကုန်ခံ ၊အချိန်ကုန်ခံ၊ ခွင့်ရက်ကုန်ခံသွားပြီး ထောက်ခံစာယူရမယ် ဆိုတော့ ဘယ်လို အတွေးနဲ့ စာထုတ်တာလည်း စဥ်းစားမရဘူး ။သံရုံထောက်ခံတခုတည်းနဲ့ အကုန်ပြီးရင်လည်း တော်သေးတယ်။အခုက အကုန်လုံး လုပ်နေရတယ်။ အခုသံရုံးထောက်ခံစာလုပ်တော့လည်း အင်တာနက်ခေတ်ကြီးမှာ တကူးတကရုံးကို သွားရအုံးမယ်။ အွန်လိုင်းကနေ တိုက်ရိုက်လျှောက်တာမျိုး ၊ email ကနေ လျှောက်တာမျိုးနဲ့ သွားသင့်ပါတယ်။ ” လို့ ပြည်ပရောက် မြန်မာလုပ်သားတယောက်က ပြောပါတယ် ။
ခွင့်ပြန်အလုပ်သမားတွေအနေနဲ့ သက်ဆိုင်ရာ ပြည်ပနိုင်ငံရှိ လုပ်ငန်းခွင်ကို ပြန်လည်ထွက်ခွာခွင့်ပြုဖို့အတွက် လျှောက်ထားရာမှာ အလုပ်ရှင် ခွင့်စာနဲ့ သံရုံးထောက်ခံစာအပါအဝင် OWIC ၊ ပတ်စပို့မိတ္တူ ၊ Work permit မိတ္တူ / Visa မိတ္တူ ၊လေယာဉ်လက်မှတ် ၊ရောက်ရှိကြောင်း အဝင်တံဆိပ်တုန်းနဲ့ လေဆိပ်ဝင်ချိန် ကောင်တာသတင်းပို့ ထားတဲ့အချက်အလက် အထောက်အထားအပြည့်အစုံ နေပြည်တော်ကို တင်ပြလျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
OWIC ကတ်မရှိသူတွေ ၊ Work Permit ၊ ဗီဇာနဲ့ ခွင့်စာပါ လုပ်ငန်းခွင်နဲ့ OWIC ကတ်မှာ ပါရှိတဲ့ လုပ်ငန်းခွင်မတူညီပါက OWIC ကတ် အသစ်ပြန်လည်လျှောက်ရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
တကယ်လို့ ညွှန်ကြားချက်ကို မလိုက်နာဘဲ အလုပ်ရှင် ခွင့်စာကို အတုပြုလုပ်ကာ လိမ်ညာတင်ပြလာပါက ကာလသတ်မှတ်ချက်တခုနဲ့ ပြည်ပထွက်ခွာခွင့် ပိတ်ပြီး အမည်မည်းစာရင်း သွင်းမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ပြည်ပပြန်လည်ထွက်ခွာခွင့်ကိုတော့ ၅ ရက်ကြိုပြီးတော့ လျှောက်ထားနိုင်ကြောင်းနဲ့ လျှောက်ထားသူတွေကို သေချာစိစစ်ပြီး သတ်မှတ်ထားတဲ့ အချက်အလက်အထောက်အထားတွေ ပြည့်စုံသူကိုတော့ Safe Migration Telegram Channel ကနေ နေ့စဉ်ထုတ်ပြန်ပေးနေတယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကဆိုထားပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW