ကော့ကရိတ်မြို့ တိုက်ပွဲအကြားက မီးလောင်အိမ်တွေကို ဖျက်သိမ်းမှုစတင် ၊ အိမ်ပြန်ဆောက်ဖို့ တအိမ်ကို ဘိလပ်မြေအိတ် ၂၀ နဲ့သွပ်ချပ် ၂၀ ထောက်ပံ့မယ်

မေ ၁၈ ၊ ၂၀၂၆
GG (VOM)
ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့မှာ တိုက်ပွဲကြောင့် နေအိမ်ပေါင်း ၁၅၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရပြီး လက်ရှိမှာ ပြန်လည်ထူထောင်ရေးအတွက် မီး​လောင်နေအိမ်တွေကို မြေပြင်ဖျက်သိမ်းရှင်းလင်းရေး လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။
ပြန်လည်ထူထောင်ရေးအတွက် မီးလောင်ပျက်စီးခဲ့တဲ့နေအိမ်တွေကို ရှင်းလင်းရာမှာ အစိုးရအစီအစဥ်နဲ့ ရှင်းလင်းဆောင်ရွက်တာရှိသလို နေအိမ်ပိုင်ရှင်တွေကိုယ်တိုင် လုပ်လိုပါကလည်း ဆောင်ရွက်ခွင့်ပြုထားတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အစိုးရအစီအစဥ်နဲ့ မြေပြင်ဖျက်သိမ်း ရှင်းလင်းရေးကို ပထမဦးစားပေးအဖြစ် အမှတ်(၅)ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်း ၊မာန်အောင်လမ်း၊ ရတနာလမ်းရှိ နေအိမ်တွေကို မေ ၁၆ ရက်နေ့ ကစပြီး ဖျက်သိမ်းရှင်းလင်းခဲ့ရာ ဒီကနေ့မှာ လုပ်ငန်းကိုဆောင်ရွက်ပြီးစီးပြီဖြစ်တယ်လို့ သိရပါတယ်။
” ချက်ခြင်းပြန်ဆောက်မယ့်အိမ်တွေကို ဦးစားပေးအရင်ထောက်ပံ့မှာပေါ့။ ဦးစားပေး ၁ ၊ ၂ ၊ ၃ ဆိုပြီး သွားမှာပါ ။ လက်ရှိ မြေပြင်ကွင်းဆင်း တိုင်းတာချက်အရ ရပ်ကွက် ၅ နဲ့ ၆ ကဦးစားပေးပေါ့။သူက မြို့လမ်းမကြီးဘေးတွေလေ ။ ရပ်ကွက် ၆ က မိမိအစီအစဥ်နဲ့ဖျက်မယ်ပြောကြတယ်။ ခုထိတော့မဖျက်သေးဘူး။ ၁၀ ရက်ထပ်စောင့်လို့ မဖျက်သေးရင် ကျွန်တော်တို့အစီအစဥ်နဲ့ ဖျက်ပေးမှာပါ ။ မြေကွက်တွေ အမှန်တကယ်ပိုင်ရှင်ဟု​တ်မဟုတ် စိစစ်ဖြေရှင်းပေးနေတယ်။တချို့က ခြံတခြံထဲမှာ အိမ်နှစ်လုံး ၊သုံးလုံးရှိကြတယ်။ အိမ်ကနေသင့်မနေသင့် အင်ဂျင်နီယာအဖွဲ့တွေကလည်း တိုင်းတာကြတယ်။ အဖွဲ့စုံပါပဲ ။ ပြန်ဆောက်မယ့်သူကို ဦးစားပေးပါတယ်။ ရပ်ကွက် ၆ မှာ က အိမ် ၁၈လုံးနဲ့ ကျောင်းတကျောင်းပေါ့။တံတားကျိုးရပ်ကွက် အများဆုံး ပျက်စီးတယ်။သူက ရပ်ကွက် ၇ ထဲပါတယ်။ ချောင်းတောင်က ရပ်ကွက်သီးသန့် သူလည်းများတယ်။ ” လို့ ကော့ကရိတ်မြို့ပြန်လည်ထူထောင်ရေးစိစစ်ကြီးကြပ်မှုကော်မတီဝင် တယောက်က ပြောပါတယ်။
ပြန်လည်ထူထောင်ရေးအတွက် မြေပြင်ဖျက်သိမ်းရှင်းလင်းရေးဆောင်ရွက်ဖို့ ကျန်တဲ့ ရပ်ကွက်တွေထဲကမှ အစိုးရအစီအစဥ်နဲ့ ဆောင်ရွက်ဖို့ လိုအပ်တဲ့ နေရာတွေကို ရှင်းလင်းရေး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။
မြေပြင်ဖျက်သိမ်းရှင်းလင်းရေးပြီးနောက် နေအိမ်ပြန်လည်တည်ဆောက်ကြမယ့် သူတွေကိုတော့ ကနဦးထောက်ပံ့မှုအဖြစ် ဘိလပ်မြေအိတ် ၂၀ ၊ သွပ်အချပ်ရေ ၂၀ တို့ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။
ဒါအပြင် အိမ်ဆောက်တဲ့အခါ.ထပ်မံလိုအပ်မယ့် ဘိလပ်မြေ နဲ့ သွပ် ၊အပါအဝင် အိမ်ဆောက်ပစ္စည်းတွေ နဲ့ပတ်သက်ပြီး ဝယ်ယူတဲ့အခါမှာလည်းသင့်တင့်မျှတသောစျေးနူန်းနဲ့ ရရှိအောင် အစိုးရက စီစဥ် ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။
” အိမ်ကို ချက်ခြင်းကြီး ပြန်ဆောက်ဖို့ဆိုတာ အခုကမလွယ်ဘူးလေ ။ အလုပ်အကိုင်က ရှား ၊ ငွေက မရှိဘူး။ ပိုက်ဆံရှိတဲ့ သူဌေးတွေကတော့ ပြန်ဆောက်နိုင်မှာပေါ့ ။ သာမန်လက်လုပ်လက်စား ၊ လူလတ်တန်းစားတွေက ပြန်ဆောက်နိုင်ဖို့ မသေချာပါဘူး ။ ပြီးတော့ ခုထောက်ပံ့တဲ့ ဘိလပ် နဲ့သွပ် အရေအတွက်က ဘာမှလုပ်မရဘူး ။ အမှန်ဆို အိမ်တလုံး ဆောက်နိုင်တဲ့အထိ အနီးစပ်ဆုံး ထောက်ပံ့ပေးစေချင်တာပါ ။ အိမ်ပြန်မဆောက်နိုင်တဲ့ မိသားစုတွေကို သေချာစိစစ်ပြ မိသားစုတွေနေလို့ရမယ့် တန်ဖိုးနည်းအိမ်ယာလိုမျိုး ပုံစံတူလေးတွေဆောက်ပေးရင် ပိုကောင်းတာပေါ့။ ” လို့ ဒေသခံက ပြောပါတယ်။
ကော့ကရိတ်မြို့မှာ စစ်ရှောင်တွေ နေရပ်ပြန်ဝင်လာပေမယ့် ပြန်လည်ဝင်ရောက် လာခြင်းမရှိသေးတဲ့ စစ်ရှောင်တွေလည်းရှိနေသေးတယ်လို့ သိရပါတယ်။
လက်ရှိတော့ ကော့ကရိတ်မြို့နယ်အနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘူးလို့ သိရပါတယ်။
ကော့ကရိတ်မြို့မှာ ပြီးခဲ့ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် ဧပြီလမတိုင်ခင်အထိ လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရ တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး လူနေအိမ် နဲ့ စာသင်ကျောင်း ၊အဆောက်အဦတွေ မီးလောင်ပျက်စီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
၂၀၂၄ ခုနှစ် ဧပြီလမှာတော့ အစိုးရတပ်တွေက ကော့ကရိတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး နောက်မှာ မြို့ပေါ်က စစ်ရှောင်တချို့ ပြန်လည်ဝင်ရောက်မှုရှိခဲ့ပြီး ၂၀၂၅ မှာတော့ စစ်ရှောင်တော်တော်များများ ပြန်လည်ဝင်ရောက်မှုရှိခဲ့ပါတယ်။
လက်ရှိမှာ အစိုးရက မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးကိုလည်း ပြန်လည်ဖွင့်လှစ်ပေးထားပြီး သွားလာခွင့်ပြုထားပါတယ်။
ဓာတ်ပုံ – လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်နီနီအောင်

Related posts

Leave a Comment

VOM News

FREE
VIEW