နတ်ရေကန်ဗျူဟာ မပေးရရေး လေကြောင်းတိုက်ခိုက်မှုတွေပြင်းထန်

ဇွန် ၁၈ – ၂၀၂၆
SN (VOM)
ရခိုင်ရိုးမပေါ်က တခုတည်းသာ ကျန်ရှိတော့တဲ့ တပ်စခန်းကြီးဖြစ်တဲ့ နတ်ရေကန်ဗျူဟာကုန်း မပေးရရေးအတွက် အစိုးရတပ်က လေကြောင်းတိုက်ခိုက်မှုတွေ အသုံးပြုကာ အပြင်းအထန် ကာကွယ်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
နတ်ရေကန်ဗျူဟာကုန်းဟာ မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း – ပဒါန်းလမ်းပိုင်းမှာ တည်ရှိပြီး အမြင့်ပေ ၅၀၀၀ ကျော်မှာ တည်ဆောက်ထားကာ လက်ရှိမှာ AA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ အဲဒီ ဗျူဟာကုန်း တောင်ခြေအထိ ထိုးစစ်ဆင်ထားနိုင်တဲ့ အနေအထားဖြစ်တယ်လို့ သိရပါတယ်။
“တိုက်ပွဲက အခုထိ ရှိနေတုန်းပဲ။ ပဇီနဲ့ ဂုတ်ကြီးကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်နေတာ။ စစ်တပ်က မြေပြင်မှာလည်း လူအင်အား၊ လက်နက်ခဲယမ်းအင်အား ဖြည့်ဖို့အတွက် ဆက်တိုက် ကြိုးပမ်းနေတာ တွေ့ရတယ်။ လေကြောင်းကနေလည်း နတ်ရေကန်ကို ကာကွယ်နေတယ်။ ဒီဘက်က AA ကလည်း မြေပြင်က တက်လာသမျှ စစ်ကြောင်းတွေကို ကြားဖြတ် တိုက်ခိုက်နေတယ်။ နှစ်ဖက်စလုံး ထိုးစစ် ပြင်းထန်နေတဲ့ အနေအထားပါ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မနေ့ ဇွန် ၁၇ ရက်၊ မနက်ပိုင်းက လေယာဉ် ငါးစီး အစုလိုက် ရောက်ရှိလာပြီး နတ်ရေကန်၊ ပဇီ၊ ဂုတ်ကြီး အစရှိတဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သလို မြေပြင်ကနေ‌လည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ အစိုးရတပ်ဟာ နတ်ရေကန် မကျရေးအတွက် ပဒါန်းတပ်နယ်အတွင်းရှိ အမှတ် (၉၀၅) အမြောက်စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ကနေ ပဇီနဲ့ ဂုတ်ကြီးကျေးရွာတွေကိုဖြတ်ကာ နတ်ရေကန်ဗျူဟာကုန်းကို စစ်ကူပို့နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သူက ပြောပါတယ်။
“စစ်တပ်က အခုရက်ပိုင်းမှာ ပဇီ၊ ဂုတ်ကြီးအပြင်ကိုမှ ရေနွယ်နဲ့ ဂုတ်ဝရွာတွေဘက်မှာလည်း နယ်မြေရှင်းလင်းရေး လုပ်နေတာရှိတယ်။ AA က နတ်ရေကန်တဝိုက်က စခန်းကုန်း တော်တော်များကို ထိန်းချုပ်ထားဆိုတော့ အစိုးရတပ်က ပင်မစခန်းကုန်းပေါ်မှာ ပိတ်မိသလိုဖြစ်နေတယ်။ ကြာတော့ ရိက္ခာ ပြတ်တောက်တာတွေလည်း ရှိလာတာပေါ့။ အဲဒါကြောင့် ခုနောက်ပိုင်း လေကြောင်းပစ်ကူတွေပါ သုံးလာတာ” လို့ သူက ပြောပါတယ်။
AA တပ်တွေဟာ အမ်း – ပဒါန်းလမ်းပိုင်းကို တနှစ်ကျော်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာမှာ အဲဒီလမ်းပိုင်းက မထုံး၊ လင်းဒဲ၊ စွန်တက်၊ ဂုတ်စီး တာဝါတိုင်စခန်း၊ ကံမြင့်ကန်၊ ဂုတ်ကြီး၊ ကြက်ရေစမ်း၊ ပိန်းရေစမ်း၊ ပဇီနဲ့ ကြက်ခြံကုန်း စတဲ့ ကျေးရွာတွေနဲ့ ကာကင်းစခန်းတွေကို သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်တာ​တွေ​တွေ့ရပါတယ်။
အစိုးရတပ်ဟာ လက်ရှိ နတ်ရေကန်စစ်မျက်နှာမှာ တပ်မ (၈၈၊ ၉၉) လက်အောက်ခံတပ်တွေအပြင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) လက်အောက်ခံ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ – ၁၇) တပ်တွေကိုပါ အစားထိုးချထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလကုန်ပိုင်းကလည်း အစိုးရတပ်က ကား ခြောက်စီးနဲ့ ဂုတ်ကြီးလမ်းပိုင်းကနေတဆင့် နတ်ရေကန်ဗျူဟာကို အင်အားဖြည့်တင်းဖို့ ချီတက်လာတာမှာ AA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW