သူတို့အိမ်အခန်း (၁၄၅)

ဆူးငှက်

ချစ်ခင်နွေးထွေးသည့် ရပ်ကွက်မှာ
————————————

ကျွန်တော်တို့လည်း ဟေမာဇလ ရပ်ကွက်မှာ နေသားကျပါပြီ။ အဘတို့က ကျေးလက်မှာကြီးပြင်းကြတော့ ကိုယ့်ဆွေ မျိုးသားချင်းရှိသည့် နေလက်စနေရာမှာပဲ နေချင်သည်။ နေဝံ့သည်။ တစိမ်းရပ်ကွက်သို့ ပြောင်းရွှေ့နေထိုင်ဖို့ မစဉ်းစား ခဲ့ကြပေ။ အခုလည်း ဟေမာဇလဟူသော တစ်ခါမှ မစဉ်းစားဖူးသည့် တစိမ်းရပ်ကွက်သို့ နေဖြစ်သွား သည်ကလည်း ကိုယ့်အဝန်းအဝိုင်းရှိသည့် မာလကာခြံ၊ ဥယျာဉ်တန်း၊ ပဲလှော်ချောင်၊ ပဲဝင်းစသည့် ရပ်ကွက် များက နေရာများကို အသည်းအသန်လိုက်ပြီးပြီ။ တစ်နေရာမှ အဆင်မပြေ။ ထို့ကြောင့် စိတ်လျော့ကာ အိမ်မြေရှာခြင်းကိစ္စ လက်လျော့လိုက်စဉ် မထင်မှတ်ဘဲ သိုသိုသိပ်သိပ် အခန့်သင့် ရလာသည့် မြေဖြစ်သည့် အပြင် ဈေးနှုန်းအရလည်း သင့်တော်သည်မို့ လက်လွတ်မခံဘဲ လက်ခံလိုက်ခြင်း ဖြစ်သည်။

တကယ်တမ်း ပြောင်းရွှေ့နေထိုင်လိုက်တော့ တစ်ခါမှ မတွေ့ဖူးသေးသော အိမ်နီးချင်းများသာမက ဆက်စပ်မိသည့် သူတိုင်းက ခင်မင်ကြ၊ အားပေးကြ ကူညီကြသည်။ သည်တော့ အဘနှင့် အမေကလည်း အားတက်သည်။ ပျော်ရွှင်သည်။ ခင်သော်ဇင်ကလည်း ချက်ချင်းပင် အိမ်နီးချင်း ရွယ်တူမိန်မဖော်များနှင့် ရင်းနှီးသွားသည်။ ရွယ်တူသာမက အိမ်နီးချင်း အိမ်ထောင်သည်အမျိုးသမီးများကလည်း သူ့ကို ညီမတစ်ယောက်လို စောင့်ရှောက်ကြသည်။ ကျွန်တော်ကတော့ နဂိုကတည်းက လူမှုရေးက ခပ်ချာချာ၊ နှုတ်ကလည်း နည်း၊ အရက်အရောလည်းမရှိသူမို့ စာအုပ်ဆိုင်ဖွင့်မှသာ ကိုယ့်ဆီ စာအုပ်လာငှားကြသူတွေထဲမှသာ တချိုးနှင့် ရင်းနှီးရသည်။

လူမှုရေး အားနည်းသည့် ကျွန်တော်
————————————–

ရပ်ကွက်ခံအနေနှင့် သိကျွမ်းပြီးသားက ဆရာစိုးနိုင် (မန္တလေးတက္ကသိုလ်) ရှိသည်။ ထို့နောက် ၂၇လမ်း အနောက်နားက ၉လေးလုံး လုံချည် ဦးလှရှောင်၏သား ကိုမောင်မောင်မြင့် နှင့်က တက္ကသိုလ်တက်ဖက်ဖြစ်ခဲ့သည်။ ဒါတောင် ကျောင်းပြီးကတည်းက ကိုမောင်မောင်မြင့်ကို မတွေ့တော့။ တောင်ဘက် ၂၈လမ်းထိပ်မှာလည်း တက္ကသိုလ်တက်ဖက် ကိုဝင်းမြင့်သန်းရှိသည်။ သူ့ကိုလည်း အရပ်ထဲရောက်စက မတွေ့ဖြစ်။ ထို့ကြောင့် စာအုပ်ငှားမှ ရင်းနှီးရသော ကိုထွန်းဝင်း၊ ကိုမြင့်စိုး၊ ကိုရန်နိုင်၊ ကိုမြတ်သာ၊ ကိုစိမ်းအောင်၊ ကိုမျိုးချစ်တို့လည်း ညီအစ်ကိုတွေလို ခင်မင်သွားသည်။

ထို့ပြင် ထိုစဉ်က အလယ်တန်း ကျောင်းသား အရွယ်လောက်ပဲ ရှိကြကာ ကျောင်းဆင်းသည်နှင့် အိမ်တန်းမပြန်ဘဲ ဘီအမ်အိတ်စ် စက်ဘီးလေး ဆိုင်ရှေ့ လဲှချပြီး ဆိုင်ထဲက ကာတွန်းစာအုပ်အဟောင်းလေးတွေ လာဖတ်သည့် စည်သူနိုင်တို့ သန်ဇင်ထွေးတို့ သူရစိုးတို့ အီးပီစီဝင်းထဲက ညီထွေးတို့လည်း တူတွေလိုဖြစ်ကာ သူတို့ကလည်း တစ်နည်းအားဖြင့် ကျွန်တော့်ကို ကူညီကြသူများဟု ဆိုရမည်။ အခုတော့ သူတို့က မီဒီယာနှင့် အိုင်တီပညာရှင်၊ အင်ဂျင်နီယာ နှင့် ဆရာဝန်ကြီးတွေ ဖြစ်ကုန်ကြပါပြီ။ နောက်တော့လည်း အရှေ့ဘက် ၇၅လမ်းပေါ်က ကြံတိုင်းအောင် ကိုအောင်မင်းနှင့် ဇနီး မကြည်ကြည်လင်း၊ ဦးတင်မြင့်နှင့် ဒေါက်တာ ဒေါ်ကြည်ကြည်စိန် တို့ကလည်း ကျွန်တော်တို့မိသားစုကို စောင့်ရှောက်ခဲ့ကြသည့် ကျေးဇူးရှင်များ ဖြစ်ခဲ့သည်။

မင်းမှုထမ်းတွေ နေထိုင်ရာ
—————————-

ကျွန်တော်တို့ စတင်ပြောင်းရွှေ့စဉ်က အကူအညီပေးရန် အဖော်ရရန်ဟူ၍ လိုက်ပါခဲ့ကြသော စိုင်ပြွန်ဝင်းထဲက တူတော် မောင်များသည်ပင် ဟေမာဇလမှာ ပျော်နေကြပြီ။ တကယ်တော့ ဟေမာဇလရပ်ကွက်က ရတနာပုံမြို့တည် နနိးတည်ကတည်းက ဖွဲ့စည်းခဲ့သည့် ရပ်ကွက်ကြီး ၅၇ကွက်တွင် တောင်ပြင်အုပ်စု၌ပါဝင်သည့် မူလ ရပ်ကွက်ကြီး ဖြစ်သည်။ ထုရပ်ကွက်က အရှေ့ ၇၆လမ်းမှသည် အနောက် လမ်း၈၀၊ မြောက် ၂၆ဘီလမ်းမှသည် တောင် လမ်း၃၀ကြား အကွက်၁၁ကွက်ရှိသည့် ရပ်ကွက်ကြီး ဖြစ်သည်။ နန်းမြို့နှင့် နီးသော ရပ်ကွက်မို့ မင်းမှုထမ်းများကို နေရာချပေးခဲ့သည်။ ကျွန်တော်တို့ နောက်မှာ ရွှေလှံမြို့ဝန်နေထိုင်ခဲ့သည့် ရွှေလှံဗိုလ်ဝင်း၊ ဝက်မစွပ်ဝန်ထောက်မင်း နေထိုင်ခဲ့သည့် ဝက်မစွပ်ဝင်းတို့ရှိသည်။

တောင်ဘက် ၂၈လမ်းနှင့် ၂၉လမ်းကြားမှာ လမိုင်းစာရေးကြိးနေထိုင်ခဲ့သော လမိုင်းစာရေးကြီး ဝင်းနှင့် ဓမ္မာရုံ ရှိသည်။ ၇၇လမ်း ၂၈နှင့် ၂၉လမ်းကြားက မာရဘင်သေနတ်အမှုထမ်းများ နေထိုင်ရာ မာရဘင် အရပ်ရှိသည်။ ထို့နောက် ကျွန်တော်တို့မြောက်ဘက် ၂၆ဘီလမ်းနှင့် ၂၇လမ်းကြားမှာ မင်းတုန်းမင်းကြီး ကုသိုလ် ဆုတောင်းပြည့်ဘုရားရှိသည်။ သားတော် မလွန်မင်းသားက ရုပ်ပွားတော်ကို အမရပူရတွင် ထုလုပ်ပြီး မန္တလေးသို့ ပင့်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ထိုဝင်းက ငပယင်း ဝန်ထောက် နေထိုင်သည့် ဝင်းမို့ ငပယင်းဝင်းဟု ခေါ်သည်။ ထို့ပြင် ၂၆ဘီလမ်းနှင့် ၂၇လမ်းကြား ၇၆နှင့် ၇၇လမ်းကြားတွင် ဗလီဝတ်ပြုကျောင်း၊ ဟိန္ဒူဘုရားကျောင်းနှင့် ခရစ်စယန် ဘုရားရှိခိုးကျောင်းတို့လည်း ရှိပါ၏။

မုံရွာသို့ အိမ်စောင့် ကလေးထိန်း
——————————–

ဟေမာဇလရပ်တွင် ရောက်ရှိပြီး ၁၉၈၄ခုနှစ် မတ်လတွင် မုံရွာရှိ မမခင်ဝင်းတို့က သူတို့၏ ကဗျာလွတ်စာအုပ်ကို ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုတ်ဝေရန် စာချုပ်ချုပ်ဆို ဝယ်ယူထားသည်မှာ ၃နှစ်ကျော်ကြာသည်အထိ ထုတ်ဝေခြင်း မပြုသည်ကို သက်ဆိုင်ရာ ဝန်ကြီးနှင့် နိုင်ငံတော် အကြီးအကဲများထံ တင်ပြရန်အတွက် ရန်ကုန်သို့ ဇနီးမောင်နှံ ၂ယောက်စလုံး သွားရောက်ရန်ရှိသည့်အတွက် မုံရွာတွင် ကျန်နေရစ်မည့် ၈နှစ်အရွယ် သမီးကြီးနှင့် ၅နှစ်အရွယ် သားငယ်တို့ကို လာရောက် စောင့်ရှောက်ပေးရန် အကြောင်းကြားလာ၍ ကျွန်တော်က စာအုပ်ဆိုင်ကို မခင်သော်ဇင်နှင့် ထားခဲ့ပြီး အလုပ်မှ ခွင့်ယူကာ မုံရွာသို့ အိမ်စောင့်သွားရသည်။

သူတို့က သိပ်မကြာပါ။ စာများကို စာတိုက်က အမြန်ချောဖြင့် ကြိုတင်ပေးပို့ထားပြီး ဖြစ်သည်။ ထို့နောက် လူကိုယ်တိုင် လိုက်ပြီး စုံစမ်းကြခြင်းဖြစ်၏။ မတ်လ ၂၀ရက်လောက်က သွားပြီး ၂၃ရက် နေ့လယ် ပြန်ရောက်လာကြသည်။ ထို့ကြောင့် ကျွန်တော်က နောက်ရက် မတ်လ၂၄ရက်နေ့ မနက်စောစော ချင်းတွင်းမန်း အမြန်ကားနှင့် ပြန်မည်။

သူတို့လည်း လိုက်မယ်တဲ့
—————————

သို့သော် ကျွန်တော်ပြန်မည်ဆိုတော့ ကျွန်တော့် လက်ပေါ်ကြီးခဲ့ကြသည့် ၈နှစ်သမီး သမီးကြီး ရွှေစင်ဇော်ဝင်းနှင့် ၅နှစ်သား သီဟဇော်ဝင်းတို့က သူတို့လည်း လိုက်မယ်ဟူဆိုကာ တငိုငိုတရီရီ ဖြစ်နေကြသည်။ ဘယ်လိုမှ ချော့မရ။ သည်တော့ မမခင်ဝင်းက ကဲ ဒါဆို နင်တို့ ၂ယောက်လုံးမခွဲနိုင်ရင် နင်တို့ လေးဆန်းနဲ့ မန္တလေးလိုက်သွားကြ။ နောက်တစ်ပတ် ငါလာခေါ်လှည့်မယ်ဆိုမှ ကျေနပ်သွားကြကာ မောင်နှမ၂ယောက် သူတို့ အဝတ်အစားလေးတွေ အိတ်ထဲထည့်ပြီး မနက်ကျ ကျွန်တော်နှင့် မန္တလေးလိုက်ရမှာမို့ တစ်ညလုံး မအိပ်နိုင်ဘဲ ပျော်နေကြ၏။

ထို့ကြောင့် မတ်လ ၂၄ရက်နေ့ မနက် ၅နာရီကို ကြိုတင်မှာထားသော တစ်ယောက်စာ လက်မှတ်အစား ၈နာရီမှ ထွက်မည့် ကား၏ ခေါင်းခန်း၂ယောက်စာ ပြင်၍ လက်မှတ်ဖြတ်လိုက်သည်။ ထို့ကြောင့် မနက် ၇နာရီလောက်ကတည်းက မမတို့ ဇနီးမောင်နှံနှင့် ကျွန်တော်တို့ တူဝရီး၃ယောက်သား အိမ်အနီး ဈေးဟောင်း အနောက် တောင်ထောင့် ဘုရားကြီးလမ်းပေါ်က ချင်းတွင်းမန်း ကားဂိတ်သို့ ခြေကျင်လျှောက်ကြပြီး ဂိတ်အနီး လက်ဖက်ရည် ဆိုင်ကပဲ မနက်စောစာ စားကြ၏ သည်လိုနှင့် မနက် ၈နာရီထွက်မည့် ချင်းတွင်းမန်း အမြန်ကားနှင့် တူဝရီး၃ယောက် မန္တလေး ပြန်ကြသည်။

တူဝရီး၃ယောက် မန္တလေးသို့
———————————-

ကားက ရှေ့ခန်းမှာ နေရာရသောကြောင့် ၃ယောက်သား ခပ်ကျပ်ကျပ်ထိုင်ရင်း မုံရွာက မနက်စောစော ပြန်ပြီးပေါ့။ ကားက ၈နာရီထွက်သည့် ကားဟုဆိုသော်လည်း ဂိတ်ကထွက်သည်ကပင် ၉နာရီ ထိုးလုပါပြီ။ ထို့နောက် ပါစင်ဂျာများကို ကျောက်ကာလမ်းဘက်ရော၊ ဒေါနခြံရော၊ ရုံးကြီးဘက်ရော ပတ်ခေါ်နေရလို့ မုံရွာက ထွက်တော့ ၁၀နာရီကျော် နေပါပြီ။ မြို့ကအထွက် နတ်လူထိပ်ပန်နားက ဝပ်ရှော့ မှာလည်း ပစ္စည်းဝင်တင်သေး၏။ ဂိတ်အထွက်ကတည်းက ဖွင့်ထားသည့် တင်တင်မြ၏ ပန်းမြိုင်လယ်၊ ယမုန်နာ၊ ဝရိန်ဒေါင်းယဉ်ပျံတို့နှင့် မြို့လုံးပတ်လည် ကားပတ်စီးနေရလို့ တူမနှင့် တူတော်မောင်တို့လည်း ကျွန်တော့မှီကာ အိပ်ကြပြီ။ ကျွန်တော်လည်း ချောင်းဦး ကျော်ကတည်းက ငိုက်နေပြီ။ ဒီကြားထဲ ကားက ရပ်၍ ပစ္စည်းတင် လူတင်သည်ကလည်း နာရီဝက်တစ်ခါလို ဖြစ်နေတော့ ကျွန်တော်လည်း ကားမူးစပြုပြီ။ သည်လိုနှင့် အိပ်ပျော်တစ်လှည့် မှေးတစ်လှည့်ဖြင့် နေအပူက ကားခေါင်းထဲ စူးကနဲစူးခနဲ ဝင်လာတာလောက်သာ သိပြီး ဘယ်နေရာ ရောက်နေမှန်းပင်မသိ။ မြင်းမူတဲ့၊ အဲ့သည်မှာ အတော်ကြာနေသည်။

ကားဖင်ထိုးကာ ရပ်ထားသည့် နောက်ရှိ တရုတ်ဆိုင်က ခေါက်ဆွဲကြော်ရနံ့က မွှေးနေသည်ဒ။ ကျွှန်တော်တို့ ငယ်စဉ် ဒေါင်းရိုးနှင့် ထီးတိုင်ဈေးထိပ်က ဦးကြင်ရွှေ၏ ကြာဖက်နှင့်ထုပ်ကာ ကြာဖက်အောက်က ဆော့ဆမ်းတားသော ကြက်သွန်အကွင်းနှင့် နှီးကြိုးချည် ခေါက်ဆွဲကြော်ကို သတိရလိုက်သည်။ နေကလည်း ကျက်ကျက်ကျက်တောက် ပူလို့။ ထို့ကြောင့် ကလေး၂ယောက်ကိုနှိုးပြီး ကားပေါ်က ဆင်းကာ ခေါက်ဆွဲကြော်တစ်ပွဲကို ၃ယောက် မျှစားကြသည်။ အငယ်ကောင်က ခေါက်ဆွဲကြော်ထက် ဆိုင်ကောင်တာထဲက ဘိလပ်ရည်ပုလင်းကိုပဲ လှမ်းတောင်းနေ၏။ ထို့ကြောင့် ဗင်တိုဘိလပ်ရည် ၂ပုလင်းမှာကာ ကျွန်တော်က သူတို့၂ယောက်ထဲက ဘိလပ်ရည်နည်းနည်း ယူသောက်လိုက်သည်။ ထိုမှသာ အမူးအမော်ပြေသွားသည်။ ကားက ဆိုင်မှာ နားတာကိုက ၁နာရီလောက်ရှိမည်။ ပြန်ထွက်တော့လည်း ဈေးအကွေ့အကျော် လမ်းညာဘက်ရှိ သမဝါယမဆိုင် ဖွင့်ထားသည့် ရှေးဟောင်း အုတ်တိုက်ကြီးနှင့် မျက်နှာချင်းဆိုင် ဝင်းထဲ ကားထိုးပြီး အိတ်တွေကို ခေါင်မိုးပေါ်တင်နေပြန်၏။

မြင်းမူကျော်တော့ မွန်းလွဲ နေစောင်းပြီ
——————————————

ကိုင်း.. ဖြည်းဖြည်းပေါ့ ဒီနေ့ မန္တလေးရောက်ရင် ပြီးတာပဲလေဟု အောက်မေ့ကာ မျက်စိမှေးလိုက်ရသည်။ ကလေး၂ယောက်ကလည်း ဗိုက်ဝသွားလို့ ပြန်အိပ်ကြပြီ။ ကျွန်တော်လည်း မှေးထားသော မျက်စိက မြင်းမူကျော်တာနှင့် ပြန်မဖွင့်ချင်အောင် ဖြစ်သွားသည်။ ကားစက်သံ ဂီယာချိမ်းသံ စပယ်ယာ၏ လိုက်ဦးမယ်၊ ဘေးကပ်ရပ်လိုက်ဦး၊ အမိုးပေါ်က ပစ္စည်းတွေ ချမယ်၊ ရှေ့နားဇရပ်မှာ ဆင်းမယ်၊ ဟိုးထားဦးဆရာ ရွာထိပ်က တစ်ယောက်လိုက်မှာ ပြေးလာနေပြီ စသော အသံများကို မကြားတစ်ချက် ကြားတစ်ချက်နှင့် အိပ်ပျော်သွားတော့သည်။ မွန်းလွဲသွားသည့် ကျနေက ကိုယ်တစ်ခြမ်းကို ပူနေသော်လည်း အိပ်ချင်စိတ်က ထိုအပူကို မမှုပြီဟု ခေါင်းမာ လိုက်တော့၏။ အိပ်မက်များပင် မက်လို့၊ ကလေး၂ယောက်ကလည်း သိုးလို့။ မည်မျှကြာအောင် အိပ်ပျော်သွားသည်မသိ၊ လူသံတွေ ဆူဆူညံညံကြားရကာ ကားကလည်းရပ်နေ၏။ လူသံတွေက မန္တလေးလိုက်ပါရစေဆိုသည့်အသံ၊ စပယ်ယာက ၅ယောက်လောက်ပဲ တိုးဝှေ့ထိုင်လို့ရမယ်၊ နောက်ကားစောင့်ကြပါဟူသောအသံ၊ အမိုးပေါ်က ဖြစ်သလိုလိုက်မယ်ဟူသောအသံများနှင့် လုံးထွေး ဆူညံနေသည်။

အစကတော့ အိပ်မှုနိစုံမွှားမို့ အိပ်မက်လိုလို သို့သော် အားယူကာ မျက်စိဖွင့် နားစွင့်မှ ကားဘေးမှာ လူတွေက ကားပေါ်တက်ဖို့ ကြိုးစားနေကြတာ မြင်လိုက်ရသည်။ စပယ်ယာကလည်း မရတော့ဘူးဟု တွင်တွင်ငြင်းနေသည်။ ကျွန်တော်က ဘယ်နေရာပါလိမ့်ဟု သိလိုသောကြောင့် အပြင်ကို ခေါင်းပြူကြည့်လိုက်သည်။ ကားက မုခ်ဦးတစ်ခုရှေ့ ရပ်ထားတာလေ။ မုခ်ဦးပေါ်က စာက ကံတလူဆုတောင်းပြည့် မြတ်စွာဘုရားတဲ့။ သြော် ဒါဆို စစ်ကိုင်း ဝင်လုပြီပဲ။ နေမဝင်ခင်တော့ မန္တလေးရောက်မှာသေချာပါပြီ။ ကျွန်တော်က “ဘုရားဖူးတွေ အခုမှ မန္တလေးပြန်ချင်ကြလို့ ကားပေါ် လုတက်နေကြတာထင်ရဲ့” ဟု ပြောလိုက်တော့ ဒရိုင်ဘာက မဟုတ်ဘူး ငါ့ညီရဲ့ မန္တလေးမှာ မီးကြီးလောင် နေတာတဲ့၊ အဲ့ဒါကြောင့် အမြန်ပြန်ချင်နေကြတာ၊ ဒီသတ်းကို ညောင်ပင်ဝန်းကတည်းက ကြားနေတာ၊ အတော်များတယ်တဲ့ ဟု စိုးရိမ်တကြီးပြောသည်။ ကျွန်တော်လည်း ခေါင်းနပန်းကြီးသွားသည်။ ကလေး၂ယောက်က အိပ်ဆဲ။ ကျွန်တော်က ဘယ်အရပ်လို့ ကြားသလဲဗျ ဆိုတော့ သေချာတော့ မသိသေးဘူး ဈေးချိုတောင် ပါသွားပြီကြားတယ်ဟု ဆိုကာ ကားခေါင်မိုးပေါ်အထိ ရသလောက်လူကို တင်ကာ ကားကို မောင်းထွက်လိုက်တော့သည်။
ဘုရား..ဘုရား.. မီးက ကြီးသတဲ့။

 

ဆူးငှက်

 

Related posts

Leave a Comment

VOM News

FREE
VIEW