ဇွန် ၂၈ ၊ ၂၀၂၆
GG (VOM)
၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျောင်းသားကျောင်းသူ ဦးရေ ၁၃၃၆၇၃ ယောက်အောင်မြင်ခဲ့ပြီး အောင်ချက် ၅၂ . ၃၇ ရာခိုင်နှုန်းရှိခဲ့တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့ ဒီကနေ့ ဇွန် ၂၈ ရက်နေ့ ၊ အောင်မြင်မှုစာရင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့တဲ့ ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၅၅၂၂၈ ယောက် ရှိခဲ့ပြီး အောင်မြင်သူက ၁၃၃၆၇၃ ယောက်သာရှိခဲ့တဲ့အတွက် ဖြေဆိုသူဦးရေရဲ့ ကျောင်းသားထက်ဝက်နီးပါးလောက် ကျရှုံးခဲ့တာကို တွေ့ရှိရပါတယ်။
” အောင်မြင်မှုစာရင်းကို ကြည့်မယ်ဆိုရင် ဖြေဆိုတဲ့ဦးရေက မနှစ်ကထက်များပြီး အောင်ချက်ကလည်း မနှစ်ကထက် မြင့်တာတွေ့ရတယ်။ ဒါပေမယ့် ဒီနှစ်ဖြေဆိုတဲ့ကျောင်းသား အရေအတွက်နဲ့ အောင်တဲ့ကျောင်းသားကို ပြန်ကြည့်တဲ့အခါ ၁၂၀၀၀၀ ကျော် ကျတာတွေ့ရတယ်။ ထက်ဝက်နီးပါး ကျတယ်ဆိုတော့ ရလဒ်က မကောင်းသေးဘူးလို့ မြင်တယ်။ ဖြေဆိုသူရဲ့ သုံးပုံပုံလို့ နှစ်ပုံအောင်ရင်မဆိုးသေးဘူး ပြောလို့ရတယ်။ ကလေးတွေအတွက် ဘာတွေလိုအပ်ချက်ရှိနေလဲ ။ တချက်ပြန်ကြည့်ရမှာပေါ့နော်။ ကလေးတွေဘက်ကလည်း.စာကို သေချာကြိုးစားစေချင်တယ်။ စာပုံမှန်လုပ်စေချင်တယ်။ ” လို့ ကျောင်းဆရာ တယောက်က သုံးသပ်ပြောပါတယ်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ မန္တလေးတိုင်း၊ မကွေးတိုင်း ၊ပဲခူးအနောက်ပိုင်း ၊ ကချင်ပြည်နယ်တွေကသာ ဖြေဆိုသူဦးရေရဲ့ ထက်ဝက်ကျော် အောင်ချက်ရှိခဲ့ပြီး ကျန်တဲ့ ရန်ကုန်တိုင်း ၊ နေပြည်တော် အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာတော့ ဖြေဆိုသူဦးရေ ရဲ့ ထက်ဝက်ကျော် ကျရှုံးခဲ့တာကို တွေ့ရှိရပါတယ်။
” ဖြေနိုင်ခဲ့တာပဲ ။.ဒါပေမယ့် ခုရှာကြည့်တော့ နာမည်မတွေ့ဘူး ။ ဘယ်လိုဖြစ်လဲ မသိဘူး။ အမှတ်စာရင်း တောင်းကြည့်မှ ဘယ်ဘာသာ အားနည်းသွားလဲ သိရမယ်။ ” လို့ ပဲခူးအရှေ့ခြမ်းက တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုထားတဲ့ ကျောင်းသူက ပြောပါတယ်။
တက္ကသိုလ်ဝင်အောင်စာရင်းကိုတော့ ဒီကနေ့ ဇွန် ၂၈ ရက်နေ့ ၊ မနက် ၄ နာရီကစပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်တဲ့ www. myanmarexam .org နဲ့ result.dme.gov.mm မှာ စတင်ထုတ်ပြန်ခဲ့ပြီး ကြည့်ရှုနိုင်ခဲ့သလို မနက် ၆ နာရီမှာတော့ သက်ဆိုင်ရာမြို့နယ်အလိုက် စာစစ်ဌာနကျောင်းတွေမှာ အောင်စာရင်းကို ကပ်ထားမှာ ဖြစ်ပါတယ်။
ဝေးလံတဲ့ ဒေသတွေက စာစစ်ဌာနတွေနဲ့ အင်တာနက်အဆက်အသွယ် ကောင်းစွာမရရှိတဲ့ စာစစ်ဌာနတွေရဲ့ အောင်စာရင်းကိုတော့ မြန်မာ့အသံရေဒီယို အစီအစဉ်ကနေ ကြေညာပေးမယ်လို့ စာစစ်ဦးစီးဌာနက ဆိုထားပါတယ်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၂၀၇၈၉၈ ဦး ရှိခဲ့ပြီး အောင်မြင်သူဦးရေ ၉၉၉၂၄ ဦးရှိခဲ့ကာ အောင်ချက် ၄၈ ဒသမ ဝ၆ ရာခိုင်နှုန်းရှိခဲ့တယ်လို့ သိရပါတယ် ။
စနစ်သစ်နဲ့ ပထမဆုံး စတင်ဖြေဆိုခဲ့ရတဲ့ ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ စာမေးပွဲဖြေဆိုသူဦးရေ စုစုပေါင်း ၁၂၈၈၂၀ ဦးရှိပြီး အောင်မြင်သူဦးရေ ၇၄၅၉၂ ဦး အောင်မြင်ခဲ့ပါတယ်။
ဓာတ်ပုံ – CJ
