ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြစ်ဒဏ်ကျခံပြီးပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေမှာ ပါဝင်ခွင့်ရမယ်

ဇူလိုင် ၁ – ၂၀၂၆
SN (VOM)
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြစ်ဒဏ်ကျခံပြီးပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေမှာ ပါဝင်ခွင့်ရမှာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ ဘာမှ ပြဿနာမရှိဘူးလို့ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ သမ္မတရုံးပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။
မနေ့ ဇွန် ၃၀ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ VOM ရဲ့ မေးမြန်းမှုကို ဒေါက်တာခိုင်ခိုင်စိုးက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမှာတော့ ပြစ်ဒဏ်ကျခံနေရတဲ့သူပါ။ ပြစ်ဒဏ် စေ့သွားလို့ ပြီးသွားပြီဆိုရင် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေမှာ ပါဝင်လို့ရမှာပါ။ ဘာမှ ပြဿနာ မရှိပါဘူး။ ကိုယ့်နိုင်ငံသား၊ ပြည်သူပြည်သား တယောက်အနေနဲ့ ပါဝင်လို့ရပါတယ်။ ဘာမှ အခက်အခဲ မရှိပါဘူး” လို့ ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။
ဒါအပြင် လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး မီဒီယာတခုရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေကြားရာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေ အလွန်ကောင်းမွန်နေပါတယ်လို့ ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေ အပြည့်အဝကို ကောင်းမွန်နေပါတယ်။ ဘာအခက်အခဲ၊ ဘာပြဿနာမှ မရှိပါဘူး။ ဆေးစစ်တာတွေကိုလည်း ပုံမှန် ပြုလုပ်ပေးနေပါတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပြုနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းမှုတွေနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမှာ ပြစ်မှုတွေနဲ့ ဥပဒေအရ အရေးယူခံထားရသူ၊ ပြစ်ဒဏ်ကျခံနေရသူ ဖြစ်တာကြောင့် အင်တာနေရှင်နယ်လ် ကိုယ်စားလှယ်တွေနဲ့ တွေ့ခွင့်ရနိုင်မှာ မဟုတ်ဘဲ ပြစ်ဒဏ်ကျခံပြီးသွားချိန်မှာတော့ တွေ့ခွင့်ရရင်လည်း ရနိုင်တယ်လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ် ကျခံခဲ့ရသူဖြစ်ကာ အဲဒီ ထောင်ဒဏ်တွေထဲက နှစ်တချို့ကို အစိုးရက လွတ်ငြိမ်းသက်သာခွင့်တွေ ပေးခဲ့တာမှာ ခန့်မှန်းချက်တွေအရ ထောင်ဒဏ် ၁၃ နှစ်ဝန်းကျင်လောက် ကျန်ရှိနေနိုင်သေးတယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့၊ ထုတ်ပြန် ကြေညာချက်အရလည်း ဒေါ်အောင်ဆန်းစုကြည်ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ ၁ အရ နေပြည်တော် အကျဉ်းထောင်ကနေ သတ်မှတ်ထားတဲ့ နေအိမ်ကို ပြောင်းရွှေ့ပြီး ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကျခံဖို့ သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။
ဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့ သားဖြစ်သူ ကင်မ် အဲရစ် (ခ) ကိုထိန်လင်းကတော့ သူ့ရဲ့မိခင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ကို ပြောင်းရွှေ့ထားရခြင်းမရှိဘဲ နေပြည်တော်အကျဉ်းထောင်မှာသာ ဆက်လက် ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ ယုံကြည်ကြောင်းနဲ့ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားလာနေတဲ့အပြင် နှလုံးရောဂါနဲ့ အသက်အရွယ်ကြောင့် ဖြစ်ပွားလာတဲ့ အရိုးပွရောဂါကိုပါ ခံစားနေရတာကို ၎င်းအနေနဲ့ သိရှိထားတယ်လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW