ဩဂုတ် ၂ – ၂၀၂၆
SN (VOM)
လက်ရှိ စက်သုံးဆီဈေးကွက်အတွင်း ဆီဈေးနှုန်းတွေ ထပ်မံ မြင့်တက်နေသလို ဆီဝယ်ယူရခက်တာ၊ တန်းစီ စောင့်ဆိုင်းရတာတွေ ရှိနေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ ထုတ်ပြန်တဲ့ ရန်ကုန်မြို့အတွက် တပတ်စာ ရည်ညွှန်း ဈေးနှုန်းတွေအရ 92 တလီတာ ကျပ် ၃၆၄၀ ကျပ်၊ 95 တလီတာ ၃၆၈၅ ကျပ်၊ ဒီဇယ် တလီတာ ၃၉၈၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၄၈၃၀ ကျပ်လို့ သိရပါတယ်။
ဒါကြောင့် အရင်တပတ်ကထက် 92 ဓာတ်ဆီ တလီတာကို ၂၉၀ ကျပ်၊ 95 တလီတာ ၂၂၅ ကျပ်၊ ဒီဇယ် တလီတာ ၄၂၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၅၁၅ ကျပ်နဲ့ အသီးသီး ဈေးတက်နေပြီး အဲဒီလိုပဲ တခြားသော တိုင်းနဲ့ပြည်နယ် အသီးသီးမှာလည်း စက်သုံးဆီ ရည်ညွှန်းဈေးတွေ မြင့်တက်လျက်ရှိတဲ့အပြင် မှောင်ခိုဈေးတွေပါ တက်လာတယ်လို့ သိရပါတယ်။
“နေပြည်တော်မှာ ဇူလိုင် ၃၁ ရက်နေ့ကစပြီး ဆိုင်ကယ်တစီးအတွက် ဆီတသောင်းဖိုးပဲ ရောင်းတော့တယ်။ အရင်က 95 တလီတာဈေး ၃၅၀၀ ကျော်ဆိုရင် အပြင်ဈေးက ၅၅၀၀၊ ၆၀၀၀ လောက်ပဲရှိတာ။ အခုက တလီတာ ၃၇၀၀ ကျော်ကို အပြင်ဈေး ၉၀၀၀ ဖြစ်လာပြီ။ ရက် ၁၀၀ ပြည့်သွားလို့လည်း ဖြစ်နိုင်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီလိုပဲ ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်အတွင်းက အင်ပင်မြို့မှာလည်း ဆီအရောင်းဆိုင်တချို့၊ ဆိုင်တွေသာဖွင့်ထားပြီး ဆီရောင်းချပေးတာမျိုး မရှိတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ စစ်ဆေး ဆောင်ရွက်ပေးစေချင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မန္တလေးမြို့ပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင်တချို့မှာလည်း အခုရက်ပိုင်းအတွင်း စက်သုံးဆီ တန်းစီဝယ်ယူရတဲ့ အခြေအနေတွေ ပြန်လည်ဖြစ်ပေါ်နေပြီး ပြင်ပဈေးကွက်ထဲမှာလည်း ဆီဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နေ့ကစပြီး ဆီဈေးနှုန်းတွေ မြင့်တက်လျက်ရှိကာ မှောင်ခိုဈေးကွက်ထဲမှာလည်း ဓာတ်ဆီဈေး ကျပ် တသောင်းသုံးထောင်ဝန်းကျင်အထိ ရှိလာပြီး ဝယ်ယူရခက်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် မြို့ခံတွေအနေနဲ့ သွားရေးလာရေး ခက်ခဲလာပြီး အထူးသဖြင့် မြို့အနီးရှိ ပညာရေးကျောင်းတွေက ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ သွားလာရေး အဆင်မပြေတော့တဲ့အတွက် မနေ့ ဩဂုတ် ၁ ရက်ကစပြီး ကျောင်းအများစုကို ယာယီ ပိတ်ထားရတယ်လို့ သိရပါတယ်။
ဒါအပြင် ဧရာဝတီတိုင်းအတွင်းက ဟင်္သာတမြို့နယ်မှာလည်း စက်သုံးဆီ ပြတ်လပ်မှုကို အကြောင်းပြပြီး အရောင်းဆိုင်တချို့ တရားဝင် ရောင်းချပေးမှုကို လျှော့ချကာ ညပိုင်းအချိန်တွေမှာ မှောင်ခိုဈေးကွက်အတွင်း ခိုးထုတ် ရောင်းချမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
“ဆိုင်တွေမှာသွားဝယ်ရင် မရှိတာက များတယ်။ ရှိတဲ့ဆိုင်ကျတော့လည်း နည်းနည်းပဲ ရောင်းပေးတယ်။ ဆီခွဲတမ်းလျှော့ထားတာကို အကြောင်းပြပြီး မှောင်ခိုဈေးကွက်မှာ အလုပ်ဖြစ်နေကြတာ။ စုံ/မ အမှန် သွားဝယ်လည်း ကီလိုမမှန်လို့ဆိုပြီး ရောင်းမပေးတာလည်းရှိတယ်။ ပန့်ဆိုင်အသေးတွေကျတော့ ပေါ်တင်တမျိုး၊ ခိုးပြီးတမျိုး ရောင်းနေကြတာ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အထူးကြပ်မတ် စစ်ဆေးပေးစေချင်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
အထူးသဖြင့် ဟင်္သာတမြို့နယ်အတွင်းက ရွှေခြင်္သေ့၊ ပါဝါ၊ ကုန်းကြီး ဘီအိုစီ၊ တိုက်ဂါး၊ ပြာကတက်မြင့်နဲ့ Green World ဆီဆိုင်တို့ကို အထူးစောင့်ကြည့် စစ်ဆေးကာ ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်သင့်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါအပြင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့မှာလည်း စက်သုံးဆီ ဝယ်ယူရခက်ခဲနေပြီး ဆိုင်အများစုက မနက်ပိုင်းလောက်သာ ဆီရောင်းချပေးကြကာ နေ့လယ်ပိုင်းကစပြီး အရောင်းရပ်ထားကြတယ်လို့ သိရပါတယ်။
“ဆီဆိုင်မြို့မှာလည်း ဓာတ်ဆီ ဝယ်မရဘူး။ လျှမ်းထက်၊ မြင့်မြတ်စံ၊ သူရိယ၊ ရွှေညောင်ပင်၊ နီလာရိုးမ ဘယ်မှာမှ ဆီမရဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
အခုရက်ပိုင်းအတွင်း မြို့ကြီးတွေနဲ့ မြို့နယ်အများအပြားမှာ ဆီပြတ်လပ်မှုကြောင့် တန်းစီ ဝယ်ယူရမှုတွေ ရှိနေသလို ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ ဆီဆိုင်အများစုမှာလည်း 92 ဓာတ်ဆီ ကုန်နေတာကြောင့် ခရီးသွားလာရေးအတွက် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
“အခုက စက်သုံးဆီက ဘယ်လိုဖြစ်နေလဲဆိုတော့ အရောင်းဆိုင်တွေအတွက်က ဆီခွဲတမ်း ထက်ဝက် လျှော့ချခံထားရတာ ရှိတယ်။ နောက်တချက်က အစိုးရ ရက် ၁၀၀ ပြည့် မိန့်ခွန်းမှာလည်း သမ္မတက ဆီကို ခြိုးခြံချွေတာဖို့ ပြောထားတာ ရှိတယ်။ ဆိုတော့ ဈေးကွက်ထဲမှာ ဒါတွေက အကြောင်းပြချက် ကောင်းကောင်းနဲ့ လုပ်စားလို့ကောင်းတဲ့ အချက်တွေပေါ့။ ဆိုင်တွေက ဈေးထပ်တက်ဦးမလား အထင်နဲ့ သိပ်မရောင်းချင်ကြတော့ဘူး။ မှောင်ခိုဈေးကွက်ကျတော့လည်း ထိရောက်တဲ့ နှိမ်နင်းမှုမျိုး ကနေ့အချိန်အထိ မရှိသေးဘူး။ မှောင်ခိုဈေးကွက် ဒီကနေ့အထိ အလုပ်ဖြစ်နေကြတာကိုကြည့်ရင် သိနိုင်တယ်။ လုပ်စားခွင်ကြီးတခု ဖြစ်နေတာ။ အဲဒီတော့ ရက် ၁၀၀ ပြည့်သွားလို့ ဆီဈေးတက်တာလား ဆိုတာထက် အကြံအဖန်သမားတွေ ရှိနေလို့ ဆီဈေးက နဂိုကတည်းကိုက တက်နေပြီးသား။ ဒါက နေရာတိုင်း၊ မြို့တိုင်းမှာ ဖြစ်နေတာ” လို့ မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်သူ တယောက်က ပြောပါတယ်။
အမေရိကန် – အီရန် ပဋိပက္ခတွေကြောင့် အခု ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းမှာ စက်သုံးဆီဈေးတွေ တရှိန်ထိုးတတ်ခဲ့ပြီး ဧပြီလအထိ တလကျော်အတွင်းမှာ စက်သုံးဆီအမျိုးအစားအလိုက် တလီတာကို ကျပ် နှစ်ထောင်ကျော်ကနေ ငါးထောင်အထိ တက်ခဲ့ပါတယ်။
ပရီမီယံဒီဇယ်ဆိုပါက ရန်ကုန်ဈေးကွက်မှာ သမိုင်းတလျှောက် အမြင့်ဆုံးဈေးဖြစ်တဲ့ တလီတာ ၇၇၅၅ ကျပ်အထိ မြင့်တတ်ခဲ့တာဖြစ်ပြီး အဲဒီနောက် ဧပြီလလယ်ကစတင်ကာ စက်သုံးဆီဈေးတွေ ပြန်လည် ကျဆင်းလာခဲ့ပေမယ့် ဖေဖော်ဝါရီလက ရည်ညွန်းဈေးအထိတော့ ရောက်ရှိလာခြင်း မရှိခဲ့ပါဘူး။
ဧပြီလလယ်ကနေ ဇူလိုင်လလယ်အထိ သုံးလအတွင်း ကျဆင်းလာတဲ့ စက်သုံးဆီဈေးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ၂၄ ရက်နေ့မှာ ဈေးပြန်တက်လာခဲ့တာဖြစ်ပြီး စက်သုံးဆီဈေးတွေကို အပတ်စဉ် သောကြာနေ့တိုင်း အပြောင်းအလဲပြုလုပ်တာကြောင့် ဆီဆိုင်အများစုမှာ ကြာသပတေးနေ့တိုင်း ဆီကုန်တာ၊ အရောင်းရပ်တာတွေ ရှိနေပါတယ်။
Photo – CJ
