မြောင်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံး ဒဏ်ရာရများပြား

ဩဂုတ် ၂၁ ၊ ၂၀၂၆
GG (VOM)
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ဆွဲလဲအိုရွာမှာ ဒီကနေ့ ဩဂုတ် ၂၁ ရက်နေ့ မနက်ပိုင်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၁၂ ယောက်သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ် ။
ဒီနေ့မနက် ၉ နာရီကျော်လောက်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး သေဆုံးသူတွေအပြင် ထိခိုက် ဒဏ်ရာရသူတွေလည်း အများအပြားရှိတာကြောင့် လက်ရှိမှာ ကယ်ဆယ်ရေးနဲ့ ကုသရေး လုပ်နေတယ်လို့ သိရပါတယ်။
” အခုကယ်ဆယ်ရေးလုပ်နေကြတယ်။ ပိတဲ့သူတွေရှိတယ်သိရတယ်။ လောလောဆယ်သိရတာ သေဆုံး ၁၂ ယောက်ရှိတယ်။ ဒဏ်ရာရသူများတယ်။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုက ဆွဲလဲကျေးရွာ ဘုန်းကြီးကျောင်းပေါ် နဲ့ နေအိမ်ပေါ်ကို ကျရောက်ခဲ့ပြီး သေဆုံး နဲ့ ဒဏ်ရာရသူရှိခဲ့တာ ဖြစ််တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
ဒီနေ့ ဗုံးကြဲခံခဲ့ရတဲ့ ဆွဲလဲကျေးရွာဟာ မြောင် – ပရိန် လမ်းဘေးမှာရှိပြီး ဩဂုတ် ၁၉ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ လှေတင်ဦးရွာနဲ့ ကြားမှာ ရွာတရွာသာခြားတယ်လို့ သိရပါတယ်။
၁၉ ရက်နေ့က လှေတင်ဦးရွာ လေကြောင်းတိုက်ခိုက်မှုမှာ လူနှစ်ယောက် သေဆုံးကာ ၁၉ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဩဂုတ် ၁၈ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်၊ ရေခါးကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သုံးယောက် သေဆုံးကာ ခုနစ်ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ် ၁၈ ရက်နေ့မှာပဲ ပင်လည်ဘူးမြို့နယ် မိုင်းတုံးတာကြီးရွာအနီးက ရွှေလုပ်ကွက်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး ရှစ်ယောက်သေဆုံးကာ ၂၀ လောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ် ။
ဩဂုတ် ၁၇ ရက်ကလည်း ပင်လည်ဘူးမြို့နယ် ၊ မံစီရွာက NUG ဆေးရုံကို အပါအဝင် နေရာတချို့ကို လေကြောင်းတိုက်ခိုက်ခဲ့သလို ၁၆ ရက်နေ့မှာ ကင်းပန်းရွာကို လေကြောင်းတိုက်ခိုက်ခံရပြီး လေးယောက်သေဆုံးကာ ၁၃ ယောက်လောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW