စက်တင်ဘာ ၂၈-၂၀၂၃
MM(VOM)
ဧရာဝတီတိုင်း ၊ ဖျာပုံခရိုင်တရားရုံးကနေ အုပ်ချုပ်ရေးမှူး ဇနီးမောင်နှံကို သတ်ဖြတ်တယ်လို့ဆိုကာ အမျိုးသား ၃ ယောက်ကို မနေ့ စက်တင်ဘာ ၂၈ရက် သေဒဏ်အမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူဆီကနေသိရပါတယ်။
”မနေ့က သေဒဏ်ချတာ အားလုံး ၃ ယောက် ဘိုကလေးက ၂ ယောက်နဲ့ မအူပင်က တယောက် ကိုကျော်မိုးလွင်ရယ် ၊ဝေယံကျော်ရယ် ကိုဌေးဝင်းရယ် ၊ ကိုကျော်မိုးလွင်နဲ့ကိုဝေယံကျော်တို့ကိုက ၂၀၂၂ ခုနှစ် ဧပြီလက ဖျာပုံမြို့နယ်၊ ကျုံကျိုက်ရွာက အုပ်ချုပ်ရေးမှူး ဦးအေးကိုနဲ့ ဇနီးဖြစ်သူတို့ကို သတ်ဖြတ်မှု ရာဇသတ်ကြီး ပုဒ်မ – ၃၀၂ (၁) (ခ) နဲ့ ဖျာပုံခရိုင် တရားသူကြီး က အမိန့်ချလိုက်တာအမှုတူပေါ့ ၊ ဦးဝင်းဌေးက ဘိုကလေးမြို့နယ် မြင်းကကုန်းရွာကပါ၊ သူ့ကိုတော့ သူပိုင်ဆိုင်တဲ့စားသောက်ဆိုင်မှာ လက်နက်တွေ ခိုးဝှက်သိမ်းဆည်းထားတယ်ဆိုပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ဖမ်းဆီးခဲ့တာ သူကိုလည်း မနေ့ကပဲ အမိန့်ချတာ”လို့ တရားရုံးနဲ့ နီးစပ်သူကပြောပါတယ်။
ထောင်ဒဏ်ချမှတ်ခံရတဲ့ မိသားစုနဲ့ နီးစပ်သူတဦးက” သေဒဏ်ချခံရတဲ့ ဝေယံကျော်နဲ့ ကျော်မိုးလွင်က အသက် ၂၉ နှစ်ကျော်ကျော်လောက်အရွယ်တွေဖြစ်တယ်၊ ကိုဗစ်တွေဖြစ်တုန်းက ပရဟိတလုပ်တဲ့ ကလေးတွေပါ၊ ကိုဌေးဝင်းကတော့ အသက် ၅၀ ကျော်ပါပြီ အေးအေး နေတတ်တဲ့သူ ၊ ဦးဝင်ဌေးကို PDFတွေကိုထောက်ပံ့တယ်၊ လူသတ်မှုကို အားပေးကူညီတယ်ဆိုပြီး ဖျာပုံခရိုင်တရားရုံးကပဲ သေဒဏ်ချလိုက်တာ”လို့ ပြောပါတယ်။
မအူပင်မြို့နယ်က နောက်ထပ် မိသားစုဝင် တဦးကလည်း ” အဖမ်းခံရကတည်းက အရင်လို တွေ့ခွင့် ပြောခွင့် ပေးခွင့်ဘာမှမရှိဘူး ၊ မနေ့က သေဒဏ်ချတယ်လို့ပဲ သိရတာ၊ စိတ်ထဲမကောင်းဘူး တစ်နေ့မှ စိတ်မချမ်းသာဘူး၊ ဒီသတင်းကြားရတော့ ပိုပြီးစိတ်ထဲနေလိုမကောင်းဘူး၊ အိမ်က မေမေဆို ရှုးမတတ်ဘဲ၊ အခြားအမိန့်တွေရှိတာ လျော့ပေါ့ပြောင်းချပေးရင် ကောင်းမှာပဲ”လို့ ပြောပါတယ်။
အခု သေဒဏ်ချမှတ်ခံရတဲ့ အမျိုးသား ၃ ယောက်နဲ့အတူ တနေ့တည်း အဖမ်းခံရတဲ့ အခြား လူငယ် ၅ ဦးကတော့ သက်ဆိုင်ရာက ဖမ်းဆီးပြီး ၆ လလောက်အကြာမှာ ခံဝန်ကတိနဲ့ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒါ့အပြင် အကျဉ်းထောင်တွင်းဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့ ဧရာဝတီတိုင်း၊ပုသိမ်ထောင်က နိုင်ငံရေးအကျဉ်းသား ၆၃ ဦးကို ဩဂုတ်နဲ့ စက်တင်ဘာလအတွင်း ထောင် ၃နှစ်ကနေ ၆ နှစ်စီထပ်တိုးချမှတ်ခဲ့သေးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်ဝါရီလကလည်း ဟင်္သာတမြို့၊ ဟင်္သာတအကျဉ်းထောင်က ကျောင်းဆရာလေးတဦးသေဒဏ်ချမှတ်ခံရပြီး ပုသိမ် အကျဉ်းထောင်မှာ ကြိုးပေးကွပ်မျက်ခဲ့သေးတယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
မြန်မာနိုင်ငံတဝှမ်း နိုင်ငံရေး အပြောင်းအလဲတွေဖြစ်ပေါ်ပြီးနောက် စက်တင်ဘာ ၂၈ ရက်အထိ နိုင်ငံ့ဝန်ထမ်းတွေ အပါအဝင် သေဒဏ်ချခံရ သူ ၁၅၁ ဦးအထိရှိတယ်လို့ သတင်းမှတ် တမ်းတွေအရ သိရပါတယ်။
#voiceofmyanmar #VOM #ဖျာပုံ