MOGE ကိုဒဏ်ခတ်မှု ဘယ်လောက်ထိ အကျိုး‌သက်ရောက်မှု ရှိမလဲ 

 

SN (VOM)

နစကအတွက် နိုင်ငံခြားငွေ အများဆုံးလာရာ ရေသောက်မြစ် လမ်းကြောင်းကြီးဖြစ်တဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က ပိတ်ဆို့အရေးယူလိုက်တယ်လို့ အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

MOGE ဟာ နစကရဲ့ ပင်မ ဘဏ္ဍာရေးထောက်တိုင်တရပ် ဖြစ်တဲ့အပြင် စစ်တပ်ရဲ့ ပြည်ပ စစ်လက်နက်ဝယ်ယူမှုတွေအတွက်နှစ်စဉ် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်းရာချီ ဘဏ္ဍာငွေအဖြစ် စီးဆင်းနေတဲ့ အဓိက အသက်သွေးကြောကြီးတခု ဖြစ်ပါတယ်။နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် နစကဟာ စစ်လက်နက်ပစ္စည်း ကန်ဒေါ်လာ တဘီလီယံကျော်ဖိုး တင်သွင်းခဲ့တယ်လို့လည်း ဆိုပါတယ်။ အခုလို MOGE ကို အရေးယူဒဏ်ခတ်ခြင်းဟာ အမေရိကန်နိုင်ငံသားအနေနဲ့ နစကလက်အောက်ခံ MOGE ရဲ့ အကျိုးစီးပွားတွေနဲ့ ပတ်သက်တဲ့ ငွေကြေးနဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှုတွေကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်၀ိုက်ပြီးသော်လည်းကောင်း လုပ်ကိုင်ခြင်း မပြုလုပ်ဖို့ တားမြစ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဒီဒဏ်ခတ်ပိတ်ဆို့မှုဟာ နစက က နိုင်ငံခြားက လက်နက်ဝယ်ယူတဲ့ လုပ်ဆောင်နိုင်စွမ်း လျော့ပါးသွားစေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။ လာမယ့် ဒီဇင်ဘာ ၁၅ ရက်မှ စတင်ကာ သက်ရောက်မှုရှိမယ့် အရေးယူမှုတွေထဲမှာ နစကရဲ့ကိုယ်စားရုရှားကနေ လက်နက်ဝယ်ပေးနေတယ်လို့ သံသယရှိသူ အဖွဲ့အစည်း သုံးဖွဲ့နဲ့ လူပုဂ္ဂိုလ် ငါးဦးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုလည်းပါဝင်ပြီး ဗြိတိန်၊ ကနေဒါနိုင်ငံတို့နဲ့လည်း ပူးပေါင်း အရေးယူမှုတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ခတ်ပိတ်ဆို့ခံရသူတွေ စာရင်းမှာတော့ Dynasty International ကုမ္ပဏီရဲ့ ဝယ်ယူထောက်ပံ့ရေးဌာနမှူး မျိုးသစ္စာ၊လုံခြုံရေးတပ်ဖွဲ့တွေဆီ ငွေကြေး ဒါမှမဟုတ် စီးပွားရေးရင်းမြစ်တွေ ပံ့ပိုးပေးနေတဲ့ ခရိုနီဦးတေဇရဲ့သား ထူးကုမ္ပဏီအုပ်စုရဲ့ဒါရိုက်တာ ထူးထက်တေဇ၊ Myanmar Avia Services ၊ Yangon Aircraft Engineering ကုမ္ပဏီကပြည့်ဖြိုးတေဇ၊ Sky Aviator ကုမ္ပဏီရဲ့ ဒါရိုက်တာကျော်မင်းဦး၊ Yatanarpon Aviation Services ဒါရိုက်တာစစ်တိုင်းအောင်တို့ ပါဝင်ပါတယ်။ ဒါ့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေအတွက် ငွေကြေး ဒါမှမဟုတ် တခြားစီးပွားရေးရင်းမြစ်တွေ ပံ့ပိုးပေးနေတဲ့ International Group of Entrepreneur Services (IGE) ကုမ္ပဏီကိုလည်း မြန်မာပြည်သူတွေအပေါ် ဖိနှိပ်မှုမှာ ပါဝင်တယ်ဆိုပြီး အရေးယူလိုက်ပါတယ်။

ဒါ့အပြင် အထူးသတ်မှတ် အရေးယူပိတ်ဆို့မှုအဖြစ် စစ်လက်နက်ဝယ်ယူပေးတဲ့ ကုမ္ပဏီတွေနဲ့ ဆက်စပ်နေတဲ့ Sky Royal Hero ကုမ္ပဏီ၊ မြန်မာစစ်တပ်အတွက် လက်နက်ပစ္စည်းတွေ ဝယ်ယူပေးနေပြီး စစ်ဗိုလ်ချုပ်တွေနဲ့ နီးစပ်တဲ့ စစ်တိုင်းအောင်ဆိုသူရဲ့Suntac နည်းပညာကုမ္ပဏီနဲ့ Suntac နိုင်ငံတကာကုန်သွယ်မှုကုမ္ပဏီ၊ စစ်ကောင်စီဝန်ကြီးတွေဖြစ်ကြတဲ့ ဦးချာလီသန်း၊ဒေါက်တာကံဇော်၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်ဆွေဆွေအောင်၊ ဦးဇော်မင်းတို့အပြင်  ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးတို့ကို ဒဏ်ခတ် အရေးယူလိုက်ပါတယ်။ ကနေဒါနိုင်ငံကအရေးယူမှုမှာ နစကအပါအဝင်သတ္တုတွင်း လုပ်ငန်းတွေ၊ ရွှေဘိုင်ဖူး၊ Star Sapphire နဲ့ Mottama Holdings အပါအဝင် လက်နက်ပွဲစားတွေ၊ လူ ၃၉ ဦးနဲ့အဖွဲ့အစည်း ၂၂ ခု ပါဝင်ပါတယ်။

ဒါကြောင့် နစကကို ဘဏ္ဍာရေးအထောက်အပံ့ဖြစ်စေမယ့် ငွေပေးချေမှုတွေ မလုပ်ဆောင်ကြဖို့နဲ့ နစကထံ စီးဝင်နေတဲ့ ငွေကြေးရင်းမြစ်တွေကို အမေရိကန်အစိုးရက စောင့်ကြည့်နေတယ်လို့ ပြောကြားထားပါတယ်။ အမေရိကန် ကုမ္ပဏီတွေ၊ အမေရိကန်နိုင်ငံသားတွေအနေနဲ့လည်း MOGE အပါအဝင် ပိတ်ဆို့ခံရတဲ့စာရင်းမှာ ပါဝင်တဲ့ ကုမ္ပဏီတွေနဲ့ မပတ်သက်ဖို့ ချေးငွေ၊ ဘဏ်၊အာမခံ၊ ရင်းနှီးမြှုပ်နှံမှု၊ ငွေကြေးဝန်ဆောင်မှု ကုန်သွယ်စီးပွားကိစ္စတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။ ဒါ့အပြင် နစကဆီကိုစစ်လက်နက်၊ လေကြောင်း လောင်စာဆီနဲ့ နိုင်ငံခြားငွေ စီးဆင်းမှုအားလုံးကို ရပ်တန့်ဖြတ်တောက်ဖို့  အမေရိကန်အနေနဲ့    နိုင်ငံအားလုံးကို တိုက်တွန်းကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အခုလို ပိတ်ဆို့ အရေးယူမှုနဲ့ ပတ်သက်ပြီး ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး အန်းမရီထရီဗဲလ်ရန်က “မြန်မာပြည်သူပြည်သားတွေအပေါ် ကျူးလွန်တဲ့ စစ်အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ယူကေအစိုးရက ပြတ်သားစွာ ရှုတ်ချပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ လက်တွဲပြီး မြန်မာနိုင်ငံက လက်နက်တင်သွင်းဖြန့်ဖြူးပေးသူတွေနဲ့ စစ်တပ်ကိုငွေကြေးထောက်ပံ့နေသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေနဲ့ အပြီးသတ် ပိတ်ပင်လိုက်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် စစ်အစိုးရရဲ့ အဓိကရင်းမြစ်နဲ့ ၀င်ငွေရရှိနေတဲ့လမ်းကြောင်းတွေကို အကန့်အသတ်ဖြစ်စေပြီး ရက်စက်တဲ့တိုက်ခိုက်မှုတွေကိုတားဆီးနိုင်စေဖို့ ရည်ရွယ်ပါတယ်” လို့ ထုတ်ပြန် ပြောဆိုထားပါတယ်။

ယူကေအစိုးရအနေနဲ့ မြန်မာစစ်တပ်ကို တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေဖို့၊ မြန်မာနိုင်ငံမှာ တရားမျှတမှုရှိစေဖို့နဲ့ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့ ဆက်လက်တောင်းဆိုသွားမှာ ဖြစ်သလို ငြိမ်းချမ်းပြီး ဒီမိုကရေစီရှိတဲ့အနာဂတ်ကို လိုလားမျှော်မှန်းကြတဲ့ မြန်မာပြည်သူပြည်သားတွေကို ယူကေက ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည် ပံ့ပိုးပေးသွားမယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

အမေရိကန်၊ ကနေဒါနဲ့ ယူကေတို့ဟာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေတာတွေကို ဟန့်တားတိုက်ခိုက်နေတဲ့ နစကရဲ့ လုပ်ရပ်မှန်သမျှကို ပြတ်ပြတ်သားသား ရှုတ်ချပြီး ပိုပိုဆိုးလာနေတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊လူသားချင်းဆိုင်ရာ စာနာထောက်ထားမှုတွေနဲ့ နိုင်ငံတွင်း စီးပွားရေး အကျပ်အတည်း အားလုံးကို ကိုင်တွယ်ဖြေရှင်းဖို့နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနဟာ သူတို့အထူးသတ်မှတ်ထားတဲ့ နိုင်ငံစာရင်း (SDN) မှာ MOGE ကို ထည့်သွားထားတာမရှိပေမယ့် လက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်းနဲ့ အပြင်ဘက်ရှိ လူ့အခွင့်အရေးလှုပ်ရှားသူတွေ ကာလရှည်တောင်းဆိုနေတဲ့MOGE ကို ပထမဆုံးအကြိမ် တိုက်ရိုက်ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။

“MOGE ကို ဆန်ရှင်လုပ်ရင်တော့ ဝင်ငွေရလမ်း တော်တော်ကျပ်ပြီ။ နစကအတွက် ဒေါ်လာ လိုအပ်နေချိန်မှာ အခုလိုပိတ်ဆို့လိုက်တာက သူတို့အတွက် တော်တော်ကို ထိခိုက်မှုကြီးပါလိမ့်မယ်။ ဒီအချိန်မှာ နစကအနေနဲ့ လက်နက်ခဲယမ်းဝယ်ဖို့ ဒေါ်လာအသည်းအသန်လိုအပ်နေချိန်မှာ ဒါက သူတို့အတွက် အရှိုက်ထိစရာကိစ္စရပ် ဖြစ်ပါတယ်။ အဲ့ဒီ့တော့ အဖက်ဖက်က ယိုပေါက်တွေဖြစ်နေချိန်မှာ ဒီ ဒဏ်တပ်ပိတ်ဆို့မှုက သူတို့အတွက် အရမ်းကိုအထိနာတွေထဲကတခုလို့ ပြောလို့ရတယ်။ ဒါပေမယ့်လည်း ဒါကအမေရိကန်ဘဏ်စနစ်ကနေ ထုတ်ပယ်တာ၊ အမေရိကန်ကုမ္ပဏီတွေ၊ နိုင်ငံသားတွေနဲ့ ကုန်သွယ်မှု လုပ်ဆောင်လို့မရတာလောက်ပါပဲ။ အမေရိကန်မှာ ထားရှိတဲ့ ပိတ်ဆို့ခံအဖွဲ့အစည်းမှာ ပါဝင်ပတ်သက်နေသူရဲ့ ပိုင်ဆိုင်မှုတွေ လွှဲပြောင်းမရတာမျိုးတော့ မရှိသေးဘူး” လို့ နိုင်ငံရေး‌လေ့လာသူတဦးက ပြောပါတယ်။

အခု အရေးယူမှုပုံစံဟာ အလုံးစုံ ပိတ်ဆို့ခြင်းမျိုးတော့ မဟုတ်ဘဲ အမေရိကန်ရဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေ ဆက်နွယ်ပတ်သက်မှုအပေါ်သာ သက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အမေရိကန်ဘဏ်စနစ်ကနေ ထုတ်ပယ်ခံရခြင်း၊ အမေရိကန်ကုမ္ပဏီတွေ နိုင်ငံသားတွေနဲ့ ကုန်သွယ်ခွင့် မရှိခြင်း၊ အမေရိကန်မှာ ထားရှိတဲ့ ပိတ်ဆို့ခံအဖွဲ့အစည်းမှာ ပါဝင်ပတ်သက်နေသူရဲ့ပိုင်ဆိုင်မှုတွေ လွှဲပြောင်းမရခြင်း စတဲ့ အရေးယူခြင်းမျိုး မရှိသေးဘူးလို့ သိရပါတယ်။ လက်ရှိမှာ အမေရိကန်နည်းတူ ဗြိတိန်နဲ့ကနေဒါတို့ကလည်း အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာဖြစ်ပေမယ့် အဲ့ဒီအထဲမှာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) ပါဝင်ခဲ့ခြင်း မရှိကြောင်း သိရှိရပါတယ်။

MOGE ဟာ Total ၊ Chevron ၊ ထိုင်းရှိ PTT Exploration & Production ကုမ္ပဏီတွေနဲ့ ကမ်းလွန်သဘာဝဓာတ်ငွေ့ ဖက်စပ်လုပ်ငန်းတွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ တရုတ်နဲ့ ထိုင်းနိုင်ငံတွေဆီ ရေနံနဲ့ သဘောဝဓာတ်ငွေ့တွေကို ရောင်းချပြီး နစကအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ဝင်ငွေရှာပေးနေတဲ့ နိုင်ငံပိုင်လုပ်ငန်းတခုဖြစ်ပါတယ်။

ဖက်စပ်လုပ်ကိုင်မှုမှာ Total ဟာ ရှယ်ယာအများစုပါဝင်နေပြီး ရတနာသဘာဝဓာတ်ငွေ့လုပ်ကွက်ရဲ့ နေ့စဉ်လည်ပတ်မှုကို စီမံနေကာ MOGE ဟာ အမြတ်အစွန်းများကို ရရှိနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့ကMOGE အပေါ် သီးသန့်ပိတ်ဆို့မှု ချမှတ်မှသာလျှင် သဘာဝဓာတ်ငွေ့ ထုတ်ယူမှုအတွက် ပေးဆောင်ရတဲ့ငွေတွေကို တရားဝင်ရပ်ဆိုင်းခွင့် ရရှိမှာဖြစ်တယ်လို့ Total ရဲ့ အမှုဆောင်အရာရှိ ပက်ထရစ် ပိုယန်းက လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ကို ဇန်နဝါရီ၂၀ ရက်ကပေးပို့ထားတဲ့ စာတစောင်မှာ ဖော်ပြထားပါတယ်။

MOGE အပေါ် သီးသန့်ပိတ်ဆို့မှုချမှတ်ဖို့အတွက် လုပ်ဆောင်မှုကို Total က ထောက်ခံကြောင်း အမေရိကန်နဲ့ ပြင်သစ်အာဏာပိုင်တွေကို အသိပေးခဲ့ပြီးဖြစ်ကာ အဲ့ဒီ့လို ပိတ်ဆို့မှုချမှတ်နိုင်ရေးတွက် လိုအပ်တဲ့မူဘောင်ကို ဖန်တီးပေးဖို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနကို တရားဝင် တောင်းဆိုထားပြီးဖြစ်တယ်လို့ အဲ့ဒီ့စာမှာ ရေးသားထားပါတယ်။

အမေရိကန်နိုင်ငံမှာရှိတဲ့ အဓိကရေနံလုပ်ငန်း Chevron (CVX.N) ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက သူတို့ရဲ့ ကမ်းလွန်ရေနံတူးဖော်မှု ပူးပေါင်းလုပ်ငန်းတွေရဲ့အစုရှယ်ယာတွေအားလုံးကို ရောင်းချဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ ကြေညာခဲ့တာဖြစ်ပြီးဝယ်ယူခဲ့တဲ့အထဲမှာ MOGE လည်း ပါဝင်တာဖြစ်ပါတယ်။ Chevron ကတော့ အမေရိကန်ရဲ့ လက်ရှိ အရေးယူပိတ်ဆို့မှုနဲ့ ပတ်သတ်ပြီး မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

မြန်မာရဲ့နိုင်ငံခြားဝင်ငွေအနက် ရာခိုင်နှုန်း ၅၀ ဟာ သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ရရှိနေခြင်းဖြစ်ပြီး MOGE အနေနဲ့ ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း ကမ်းလွန်နဲ့ ပိုက်လိုင်း စီမံကိန်းတွေကနေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့် ရရှိမယ်လို့ခန့်မှန်းထားကြောင်း မြန်မာအစိုးရရဲ့ စာရင်းအင်းတခုအရ သိရပါတယ်။

“အမေရိကန်ရဲ့ ထုတ်ပြန်ချက်ထဲမှာ နစကကို ဘဏ္ဍာရေးအထောက်အပံ့ဖြစ်စေမယ့် ငွေပေးချေမှုတွေ မလုပ်ဆောင်ကြဖို့နဲ့ နစကထံ စီးဝင်နေတဲ့ ငွေကြေးရင်းမြစ်တွေကို အမေရိကန်အစိုးရက စောင့်ကြည့်နေတယ်လို့ ပြောကြားထားသလို တခြား ငွေကြေးဆိုင်ရာတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေမလုပ်ဖို့ တားမြစ်ထားတာလည်း ပါတယ် ဆို‌တော့ ဒီ MOGE နဲ့ ဆက်ဆံဖို့အတွက် နိုင်ငံတကာကလည်း လက်တွန့်သွားမှာ သေချာတယ်။ အလားအလာကတော့ တခုမှ ကောင်းနိုင်တာမရှိဘူးပေါ့။ နစကအတွက်တော့တဖြည်းဖြည်းချင်း ဘဏ္ဍာရေးအရ ကျပ်သထက် ကျပ်လာမှာ အမှန်ပဲ။ အခုအချိန်မှာ နစကအနေနဲ့ စစ်ရေးအရ ထိုးနှက်ခံရတာအပြင် ဘဏ္ဍာငွေ အကြပ်တည်း၊ နိုင်ငံရေးနဲ့ နိုင်ငံတကာဖိအားတွေ စတဲ့ အထွေထွေအကျပ်တည်းကို ကြီးကြီးမားမား ရင်ဆိုင်နေရချိန်ဖြစ်တယ် ဒါပေမယ့် အခု ဒဏ်ခတ်မှုမှာ အမေရိကန်အနေနဲ့ MOGE ကို အမေရိကန်ရဲ့ဘဏ်စနစ်တွေကနေ လုံးဝဖယ်ထုတ်ပစ်နိုင်တဲ့ အထူးသတ်မှတ်ထားတဲ့ နိုင်ငံတွေစာရင်းထဲမှာတော့ ထည့်သွင်းတာမျိုးမရှိသေးဘူး။ အမေရိကန်နဲ့ MOGE တို့ရဲ့ကုန်သွယ်မှုတားမြစ်တာအပါအဝင် အမေရိကန်မှာရှိတဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်မှုတွေ လုပ်မယ့်သဘောမျိုးပါ” လို့စီးပွားရေးပညာရှင်တဦးက ပြောပါတယ်။

ကုလသမဂ္ဂအနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက နစကအပေါ် ပိုပြီးတင်းကြပ်တဲ့ အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ဖို့တိုက်တွန်းခဲ့တာဖြစ်ပြီး အဲ့ဒီ့ တိုက်တွန်းမှုထဲမှာ MOGE ကိုလည်း ထည့်သွင်း ပြောကြားထားခဲ့တာဖြစ်ပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့တွေကလည်း MOGE ကို ပိတ်ဆို့အရေးယူပေးဖို့ အမေရိကန်ကို ထပ်ကာတလဲလဲ ပြောဆိုထားခဲ့တာတွေရှိပြီး အမေရိကန်ကတော့ အခုမှသာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်အနေနဲ့ ပြီးခဲ့တဲ့ ဇွန်လမှာတုန်းကလည်း မြန်မာစစ်တပ်ပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ထားခဲ့တာဖြစ်ပြီး နစကအနေနဲ့ကတော့ ပိတ်ဆို့မှုတွေကို ထိရောက်မှုမရှိတဲ့ပုံစံအနေနဲ့သာ ဆက်လက် လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏထိမ်းသိမ်းပြီးနောက်  ယူကေအစိုးရက လူပုဂ္ဂိုလ် ၂၆ ဦးနဲ့ အဖွဲ့အစည်း ၂၉ ခု၊ နစကရဲ့အဓိကလုပ်ငန်းစုကြီးနှစ်ခုနဲ့ လုပ်ငန်းခွဲ ၁၁၁ ခုကို ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။

#voiceofmyanmar #VOM  #MOGE

Related posts

Leave a Comment

VOM News

FREE
VIEW