နိုဝင်ဘာ ၊ ၄ ၊ ၂၀၂၃
SP ( VOM)
စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ မုံရွာ – မန္တလေး ကားလမ်းမှာရှိတဲ့ လုံခြုံရေး ဂိတ်စခန်းတခုကို ဒီကနေ့ မနက်ပိုင်းက ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဘက် ထိခိုက် သေဆုံးတာတွေရှိတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” ချောင်းဦးမြို့နယ်ရဲ့ မြောက်ဘက် ၂ မိုင်လောက်ပဲ ဝေးတယ် ၊ မုံရွာ – ချောင်းဦး ကားလမ်းပိုင်းမှာရှိတဲ့ မြပုလဲ စက်သုံးဆီဆိုင်နားက လမ်းလုံခြုံရေး ဂိတ်စခန်းကို ဒီမနက် ၄ နာရီ ဝန်းကျင်ကနေ စပြီးတိုက်နေတာဖြစ်တယ် ၊ အဲ့ဒီ ဂိတ်စခန်း မီးရှို့ခံရတယ် ၊ နောက်ပြီး စစ်လား ၊ ရဲလား မသိဘူး၊ လုံခြုံရေး အဖွဲ့ဘက်က သုံးယောက်သေတယ် ၊ အဲ့ဒီအပြင် ထိခိုက်ဒဏ်ရာ နှစ်ယောက်ရတယ် ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ဒါ့အပြင် ချောင်းဦးဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက လူမှုကွန်ရက်ပေါ်မှာ ဒီမနက်ပိုင်းက ချောင်းဦး မြပုလဲ စက်သုံးဆီဆိုင်နားမှာ ပစ်ခတ်မှုဖြစ်စဥ်ကြောင့် ဒေသတွင်း လက်နက်ကိုင် အဖွဲ့ဘက်က ငါးဦးသေ ၊ ခုနှစ်ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ ဖော်ပြထားတယ်လို့ သိရပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မုံရွာခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ဒီမနက် ၅ နာရီမှာ ရန်သူအင်းအား ၂၀၀ ကျော်နဲ့ မုံရွာ – မန္တလေး ကားလမ်းက မြပုလဲ ဆီဆိုင်ဂိတ်နေရာကို လာတိုက်တယ် ၊ ရန်သူ့အလောင်း နှစ်လောင်းနဲ့ လက်နက်တွေရတယ် ၊ မိမိဘက်ကလည်း ထိခိုက်ကျဆုံးတာတွေရှိတယ် ၊ နောက်ပြီး လူနေတဲ သုံးလုံး မီးလောင်း ဆုံရှုံးတယ်၊လက်နက်ငယ် သုံးလက် ပျောက်ဆုံးနေတာတော့ ရှိတယ် ” လို့ပြောပါတယ်။
မုံရွာ – မန္တလေး ကားလမ်းကို မနေ့ နိုဝင်ဘာ ၃ ရက်ကစပြီး ဒီကနေ့အထိ လမ်းပိုင်းတွေ ပိတ်ထားတာကြောင့် ခရီးသည်တင်ကားတွေ ဒီကနေ့ နေ့လယ်ပိုင်း အချိန်ထိ မုံရွာကားကွင်းမှာ မရောက်သေးဘူးလို့ သိရပါတယ်။
ဓာတ်ပုံ ၊ မုံရွာ မန္တလေး ကားလမ်မှာ လမ်းပိတ်ထားပုံ ၊ ဒေသခံ တဦး
Telegram Link: https://t.me/VOMNEWS2023/3322