ထားဝယ်အကျဉ်းထောင်မှာ ဒီမနက်ပိုင်းက ဆူပူမှုဖြစ်ပွား

နိုဝင်ဘာ ၊ ၄ ၊ ၂၀၂၃
SP( VOM)
တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ ထားဝယ်မြို့မှာရှိတဲ့ ထားဝယ် အကျဥ်းထောင်မှာ ဒီကနေ့ မနက်ပိုင်းက ထောင်တွင်း ဆူပူမှုတွေဖြစ်ပွားခဲ့တယ်လို့ နိုင် / ကျဥ်း မိသားစုတွေဆီက သိရပါတယ်။
” နိုင်ငံရေး အကျဥ်းသား တယောက်နဲ့ ထောင်ဝန်ထမ်းတယောက် ပြသနာဖြစ်ရာကနေ ဆူပူမှုဖြစ်တာပါ၊ ဒီမနက် ၇ နာရီဝန်းကျင်မှာ မနက်စာ​​ဝေချိန်မှာ စားဖိုဆောင်ထဲ ထမင်းဝင်ယူတဲ့ နိုင်ငံရေးအကျဥ်းသားတစ်ဦးကို အကျဥ်းထောင်ဝန်ထမ်းက ပါးနှစ်ချက်ရိုက်တယ်လို့ သိရတယ် ၊ အဲ့ဒီ ပြဿနာက စပြီး နိုင် / ကျဥ်းတွေနဲ့ ထောင်ဝန်ထမ်းတွေ စကားများကြတာဖြစ်တယ် ” လို့ နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ဒါ့အပြင် ထားဝယ်ထောင်နဲ့ နီးစပ်သူတယောက်က ” အကျဥ်းသားတယောက် ပါးရိုက်ခံရတဲ့ ကိစ္စကို ၊ အဲ့ဒီ အကျဥ်းသားတွေက ကျေနပ်မှုမရှိလို့ အိပ်ဆောင်မှူးဆီ အရာရှိ တင်ပြတိုင်တန်းတဲ့အခါ ကျေနပ်အောင် ဖြေရှင်းမပေးလို့ဆိုပြီး အိပ်ဆောင်ထဲက အကျဥ်းသားတွေက အိပ်ဆောင်အပြင် ထွက်လာတယ် ၊ အဲ့ဒီမှာ ဆူပူတာတွေဖြစ်တယ် ” လို့ ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ထားဝယ်ခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနက်ပိုင်းက ထောင်ထဲမှာ အကျဥ်းသား တယောက်နဲ့ ဝန်ထမ်းတယောက် စားဖိုဆောင်မှာ စကားများကြတယ် ၊ ထိခိုက်နာကျင်မှုရတာတွေတော့ မရှိဘူး ၊ ချက်ချင်းပဲ ပြေလည်သွားတယ် ၊ လုံခြုံရေးအဖွဲ့တွေ သွားရောက်ဖြေရှင်းရတာမျိုး မရှိပါဘူး ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်းက ထားဝယ်အကျဥ်းထောင်မှာ အကျဥ်းသား ငါးယောက်နဲ့ ထောင်ဝန်ထမ်း နှစ်ယောက် ထောင်ပြင်ကို အလုပ်သွားလုပ်ရာကနေ ထောင်ဝန်ထမ်းနှစ်ယောက် အသတ်ခံရပြီး အကျဥ်းသား ငါးယောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW