မန္တလေး၊ နိုဝင်ဘာ- ၅ – ၂၀၂၃
SA(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးကို ပြေးဆွဲနေတဲ့ကားတွေဟာ အရင်က ပြည်ထောင်စုလမ်းမအတိုင်း တိုက်ရိုက်ပြေးဆွဲလို့ရပေမယ့် လက်တလောဖြစ်ပေါ်နေတဲ့ တိုက်ပွဲအခြေအနေတွေကြောင့် ရှမ်းပြည်တောင်ပိုင်းကို ဖြတ်သန်းပြီးမောင်းနှင်နေရတဲ့အတွက် ခရီးကြန့်ကြာမှု ငွေကုန်ကြေးကျများမှုတွေရင်ဆိုင်နေရပါတယ်
ကလော မိတ္ထိလာလမ်းမှာဆို ကားတွေများနေတာအပြင် စစ်ဆေးရေးကြောင့် ကျွဲတပ်ဆုံ နားက X Tray စက်ရှိတဲ့ စစ်ဆေးရေးဂိတ်မှာ ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေတယ်လို့သိရပါတယ်။
လားရှိုးကနေ မန္တလေးကို ပြန်လာတဲ့ ခရီးသည်တဦးက ” အရင်က ခဏစီးရတာ အခုက တောင်ပိုင်းက ပတ်မောင်းရတော့ အချိန်ကြန့်ကြာမှုတွေဖြစ်တာပေါ့။ လမ်းကြောအခြေအနေကတော့ ကောင်းပေမယ့် ကျွဲတပ်ဆုံနားက X Tray စက်နား ရောက်တော့ကားတွေက အစီးရေ ရာနဲ့ချီပြီး ပိတ်မိနေတာ စစ်တာဆေးတာလည်း ကြာတော့ ကိုယ်တွေကားအလှည့်ရောက်ဖို့ ၂ နာရီနီးပါးစောင့်ခဲ့ရတယ်” လို့ VOM ကိုပြောပါတယ်။
အရင်က မန္တလေး – လားရှိုး ခရီးစဥ်ကို ခြောက်နာရီကြာမောင်းနှင်ရပေမယ့် လက်ရှိမှာ ရှမ်းပြည်တောင်ပိုင်းကနေ လမ်းကြောင်းပြောင်းပြီး မောင်းနှင်နေရတာကြောင့် အချိန် ၁၂ ကြာ မောင်းရတယ်လို့ သိရပါတယ်။
“ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် ရွာငံ၊ တောင်ကြီး၊ ရပ်စောက် ဘက်ကနေ့လှည့်သွားရတာပေါ့ အခုက မိုင်သုံးရာကျော်မောင်းရတော့ ပိုဝေးသွားတာပေါ့။ ကားသမားတွေလည်း ပိုပင်ပန်းတယ်။ ကားလည်းနာတာပေါ့။ အရင်က တရက်ကို တစီး နှစ်စီး ထွက်ရတယ် အခုကျတော့ နှစ်ရက်လောက် သုံးရက်လောက်မှ စုပြီးထွက်နေရတယ်” လို့ မန္တလေး – လားရှိုး ပြေးဆွဲနေတဲ့ ယာဥ်လိုင်းတခုရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
လမ်းကြောင်းပြောင်းပြီး မောင်းနှင်ရတဲ့အတွက် ကားခစျေးနှုန်းတွေလည်း နှစ်ဆဖြစ်သွားတယ်လို့ မန္တလေး – လားရှိုးလမ်းကြောင်းပြေးဆွဲနေတဲ့ ကားဂိတ်တွေဆီကနေ သိရပါတယ်။ လက်ရှိမှာ လားရှိုး – မန္တလေးခရီးစဥ်တွေကို လားရှိုး – သီပေါ – နမ့်လန် – ရပ်စောက် – ပင်းတယ – ရွာငံ -ဟန်မြင့်မိုရ် – ကျောက်ဆည် – မန္တလေး ပြေးဆွဲနေတယ်လို့ သိရပါတယ်။
လားရှိုး – မူဆယ် ခရီးစဥ်တွေကိုလည်း အောက်တိုဘာ ၃၁ ရက်နေ့ကနေ စတင်ပြီး ရပ်နားထားရတယ်လို့လည်း ရှမ်းပြည်မြောက်ပိုင်းကို ပြေးဆွဲနေတဲ့ ကားဂိတ်က တာဝန်ရှိသူတဦးက VOM ကိုပြောပါတယ်။
#voiceofmyanmar #vom #VOM #မန္တလေး-လားရှိုးခရီးစဥ်