ရခိုင်ပြည်နယ်မှာ ပြည်ပထွက်အလုပ်လုပ်ဖို့ နိုင်ငံကူးလက်မှတ်လျှောက်ထားသူတွေ  တနှစ်ကို ၂၀၀၀ ကျော်ရှိနေ

စစ်တွေ နိုဝင်ဘာ ၂၈-၂၀၁၈

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်အတွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် အလုပ်လက်မဲ့အရေအတွက်ဟာ တစ်နှစ်ထက်တစ်နှစ်မြင့်မားလာနေပြီး အလုပ်အကိုင်ရရှိရေးအတွက် ပြည်ပနိုင်ငံတွေဆီကို သွားရောက်အလုပ်လုပ်ကိုင်သူတွေလည်း ပိုမိုများပြားလာနေတာ ဖြစ်ပါတယ်။

အခုလိုမျိုး ပြည်ပနိုင်ငံတွေဆီကို သွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် ရခိုင်ပြည်နယ်အတွင်း နိုင်ငံကူးလက်မှတ်လျှောက်ထားသူ အရေအတွက်ဟာ တစ်နှစ်ကို ၂၀၀၀ ကျော်အထိရှိနေပြီး တစ်နှစ်ထက်တစ်နှစ် မြင့်မားလာနေတယ်တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ ရခိုင်ပြည်နယ်အတွင်းမှာ ပြည်ပကိုအလုပ်သွားလုပ်တဲ့သူတွေ တရားဝင်သွားရောက်နိုင်ရေးအတွက် မြန်မာနိုင်ငံကူးလက်မှတ် ဌာနခွဲကို စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလက ၂ ရက်နေ့က စပြီးဖွင့်လှစ်ပေးခဲ့ပါတယ်။ လာရောက်လျှောက်ထားသူတွေကိုလည်း လျှောက်ထားသူတွေအလွယ်တကူ လုပ်ကိုင်နိုင်အောင်အတွက်ဖြစ်ပါတယ်။ စာအုပ်တွေကိုလည်း သတ်မှတ်ရက်အတွင်းမှာ ထုတ်ပေးနေတာဖြစ်ပါတယ်။”လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က မနေ့ကကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ဒေသအသီးသီးကလူငယ်တွေဟာ အလုပ်အကိုင်ရရှိရေးအတွက် ပြည်ပနိုင်ငံတွေဆီကို ထွက်သွားသူတွေများပြားနေတာကြောင့် အခုလိုမျိုးနိုင်ငံကူးလက်မှတ်တွေကို အလွယ်တကူပြုလုပ်နိုင်ရန်အတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ဌာနခွဲတွေကို ခရိုင်မြို့တွေမှာ ထပ်မံဖွင့်လှစ်ပေးဖို့အတွက် တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်က မေးခွန်းမေးမြန်းခဲ့တာဖြစ်ပါတယ်။

“စစ်တွေမြို့မှာ နိုင်ငံကူးလက်မှတ်လျှောက်ထားသူ ၁၄၂၁ ဦး၊ ၂၀၁၅ ခုနှစ်မှာ ၂၅၅၂ ဦး၊ ၂၀၁၆ ခုနှစ်မှာ ၂၄၈၂ ဦး၊ ၂၀၁၇ ခုနှစ်မှာ ၂၁၅၀ ဦးနှင့် ၂၀၁၈ ခုနှစ် ဇန္န၀ါရီလမှ စက်တင်ဘာလအထိ လျှောက်ထားသူပေါင်း ၂၅၉၂ ဦးရှိခဲ့ပါတယ်။ လျှောက်ထားသူတွေ နှစ်စဉ်မြင့်မားနေပေမယ့် တစ်နေ့ကို အများဆုံး ၂၀ ဦးအထိသာထုတ်ပေးနေရတဲ့အတွက် ခရိုင်မြို့တွေမှာ ဖွင့်စရာမလိုပါဘူး”လို့ လုံခြုံရေုးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်က ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်ပကိုတရားဝင်သွားရောက်လိုသူတွေအတွက် နိုင်ငံကူးလက်မှတ်တွေကို ကုန်ကျစရိတ်သက်သာစွာနဲ့ အလွယ်တကူပြုလုပ်လို့ရနေပေမယ့် တရားမ၀င်သွားရောက်နေသူတွေလည်း အများအပြားရှိနေသေးတာဖြစ်ပါတယ်။

 

#voiceofmyanmar #ရခိုင်ပြည်နယ် #ပြည်ပအလုပ်အကိုင် #ပြည်ပထွက်သူများပြား

Related posts

Leave a Comment

VOM News

FREE
VIEW