စစ်ကိုင်းက တိမ်ကောနေတဲ့ ရှေးဟောင်းကျောင်းဖြူကန်ကို  ပြန်တူးဖော်မည်

စစ်ကိုင်း ဒီဇင်ဘာ- ၁- ၂၀၁၈

မောင်တာရာ(VOM)

စစ်ကိုင်းမြို့နယ်၊ကျောင်းဖြူရွာနဲ့ တလိုင်းရွာကြားက  တိမ်ကောနေတဲ့ ရှေးဟောင်းသမိုင်းဝင် ကျောင်းဖြူကန်ကြီးကို  ပြန်လည်တူးဖော်သွားမယ်လို့ သိရပါတယ်။

အဲဒီကန်ကို ရှေးမြန်မာမင်းတွေ လက်ထက်ကတည်းက  တဖက်ရပ် ဆည်ပုံစံအဖြစ် တည်ဆောက်ထားရှိခဲ့တာဖြစ်ပြီး လက်ရှိမှာ ကန်အတွင်း ဗေဒါ၊ကြာပန်း၊ပိန်းပင်တွေ ပေါက်ရောက်ပြီး တိမ်ကော နေပါတယ်။

အဲလို တိမ်ကောနေတဲ့အတွက် ကန်အတွင်းက ကြာပန်း၊ပိန်းပင်တွေ၊သဲနုန်းတွေကိုဖယ်ရှားပြီး ရေလှောင်ပမာဏ ပိုမိုရရှိရေးအတွက် တူးဖော်ဆောင်ရွက်ပေးရန် ဒုတိယအကြိမ် ပြည်သူလွှတ်တော်ပဉ္စမပုံမှန်အစည်အဝေးမှာ စစ်ကိုင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းက ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းခဲ့ရာ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်ပြန်လည်တူးဖော်ဆည် ယူသွားမယ်လို့ စိုက်ပျိုးရေးမွေးမြူရေး နဲ့ ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ဖြေကြားခဲ့ပါတယ်။

“လွှတ်တော်မှာမေးတော့ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေခွဲဝေမှုအပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမှာပါဆိုတဲ့အဖြေရခဲ့ပါတယ်။ တိုင်းဒေသကြီးအစိုးရက ဒီဘက်ဂျက်မှာ ကျောင်းဖြူကန် အရှေအနောက်ပေ ၇၂၀၀၊တောင်မြောက် ပေ ၄၀၀ကျော်ကို ပြန်လည်ဆယ်ယူဖို့ ကျပ်သိန်းတစ်ထောင်ချပေးခဲ့ပါတယ်။ သက်ဆိုင်ရာဆည်မြောင်းဌာနက တင်ဒါခေါ်ပြီး ဒီနှစ်အတွင်းလုပ်ဆောင်သွားမှာပါ ” လို့စစ်ကိုင်းမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းကပြောပါတယ်။

အဲဒီ ရှေးဟောင်းကျောင်းဖြူရေကန်ကြီးဟာ အလျား ၇၂၀၀ ပေ၊ကန်ဘောင်အမြင့် ၇ ပေ၊ရေဝပ်ဧရိယာ ၆၀၀ ဧကခန့်ရှိပြီး ကျောင်းဖြူရွာ ၊တလိုင်းကျေးရွာ အပြင် အနီးဝန်းကျင်ကျေးရွာတွေက သောက်သုံးရေအတွက် အထူးအားထား အမှီပြု သုံးစွဲနေရတယ်သိရပါတယ်။

ဒါ့အပြင် လယ်ယာမြေ ဧက ၇၀၀ စိုက်ပျိုးရေပေးဝေနေပြီး ကျောင်းဖြူ ကျေးရွာမြောက်ဖက် ဝက်လက်မြို့နယ်က စီးဆင်းလာတဲ့ ကွင်းရေတွေ နဲ့  မင်းဝံတောင်ရိုးက စီးဆင်းလာတဲ့ ကွင်းရေတွေ ကို သိုလှောင်ထားတဲ့ အပြင် တပ်ရွာမြစ်ရေတင်စီမံကိန်းကလည်း ရေဖြည့်တင်းပေးလျက်ရှိတဲ့  ကန်ကြီးတစ်ခုဖြစ်ကြောင်း သိရပါတယ်။

”ဗေဒါတွေ ဒိုက်တွေနဲ့ ဆိုတော့ ကန်ကြီးရဲ့ အလှတရားက ပျက်နေတယ်။လူတိုင်း အမြင်ပဲလေ၊ရေတွေကလည်း တကယ်တမ်းပြောရမယ်ဆို မကောင်းတော့ဘူး နံနေပြီ လယ်ဆင်းရင် သိသာတယ်။ဒီကန်ကြီး မြန်မြန်ပြီးလေ မြန်မြန်ကြိုက်လေပဲ ”ဟု တလိုင်းကျေးရွာနေ တောင်သူ ဦးမင်းစိုးက ပြောပါတယ်။

ရှေးဟောင်း ကျောင်းဖြူကန်ကို ခေတ်အဆက်ဆက်ဒေသခံတောင်သူတွေက ကိုယ်ထူကိုယ်ထပြုပြင်ခဲ့ပြီး ၁၉၈၈၊၁၉၉၂၊၁၉၉၆ ခုနှစ်များက ဆည်မြောင်းဦးစီးဌာနက ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်က စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်လမ်းညွှန်ချက် အရ ဆည်မြောင်းဦးစီးဌာန နဲ့ ဒေသခံတောင်သူတွေ ပူးပေါင်းပြီး ပြန်လည်ပြုပြင်ဆည်ယူခဲ့ကြောင်း သိရပါတယ်။

photo – Aung Myat Min

#voiceofmyanmar#ကျောင်းဖြူကန်#စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW