ဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက် ကျေးရွာအနီးမိုင်းကွဲ နှစ်ဦးသေဆုံး

ဘူးသီးတောင်၊ ဒီဇင်ဘာ ၇-၂၀၁၈

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက်ကျေးရွာအနီး ရသေ့တောင်-ပုဏ္ဏားကျွန်း အဝေးပြေးကားလမ်းမပေါ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့ ည၁၀နာရီကျော်ခန့်က မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးသွားခဲ့ပါတယ်။

အဲဒီပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း ထိပ်ထူးပေါက် ကျေးရွာနဲ့ တစ်မိုင်ခန့်အကွာမှာပေါက်ကွဲခဲ့တာဖြစ်ပြီး သေဆုံးသူနှစ်ဦးကို ဘူးသီးတောင်ဆေးရုံကိုပို့ထားပြီး ဖြစ်ပါတယ်။

“မနေ့ည ၁၀ နာရီလောက်မှာဖြစ်တာပါ၊ လမ်းမအလည်တည့်တည့်မှာပေါက်ကွဲတာပါ၊ အဲဒီနေရာမှာ နှစ်ဦးသေနေတာတွေ့ရတယ်၊ ဘယ်သူတွေလဲတော့မသိဘူး၊ နယ်ခြားစောင့်ကတော့ တိုင်းရင်းသားတွေလို့ ပြောတာပဲ ”လို့ ကျောက်ရံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစံမောင်က ပြောပါတယ်။

သေဆုံးနေသူများမှာ မိုင်းထောင်သူများဖြစ်နိုင်ကြောင်းနဲ့ ၎င်းတို့နဲ့အနီးအနားမှာ မိုင်းထောင်ရာမှာအသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း တွေ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

“အဲဒီနှစ်ယောက်မှာ တစ်ယောက်ကတော့ လုံးဝတစ်စစီဖြစ်သွားတယ်။ ဘယ်သူဝယ်ဝါဆိုတာ မသိရတော့ဘူး၊ နောက်တစ်ယောက်ကတော့ အသက် ၂၂ နှစ်လောက်ရှိနိုင်တယ်လို့ ခန့်မှန်းတာပေါ့၊ သူတို့အနားမှာတော့ ဘောစိတွေ၊ ဝါယာကြိုးတွေနဲ့ တခြားပစ္စည်းတွေကို တွေ့ရတယ် GE တပ်က စစ်ဆေးနေပါတယ်”လို့ ဦးစံမောင်က ပြောပါတယ်။

လက်ရှိမှာတော့ အဲဒီအလောင်းတွေကို ဘူးသီးတောင်ဆေးကိုပို့ဆောင်ထားပြီး စစ်ဆေးမှုတွေပြုလုပ်နေတာဖြစ်တယ်။

#voiceofmyanmar# ဘူးသီးတောင်#ထိပ်ထူးပေါက်ကျေးရွာအနီးမိုင်းပွဲနှစ်ဦးသေဆုံး#

Related posts

Leave a Comment

VOM News

FREE
VIEW