အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲပြေငြိမ်းရေး ဇန်န၀ါရီလမှာ ဆွေးနွေးကြမည်

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၀-၂၀၁၈

မျိုးဆက် (VOM)

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးစစ်ပွဲ ပြေငြိမ်းဖို့အတွက် စေ့စပ်ညှိနှို်င်းမှုတွေကို လာမယ့် ဇန်န၀ါရီလမှာ ပြုလုပ်သွားမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဗင် မန်နျူချင်က ဒီဇင်ဘာ ၁၈ ရက်က ဘလွန်းဘာ့သတင်းဌာန တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောဆိုလိုက်ပါတယ်။

ဒီလိုဆွေးနွေးမှုမတိုင်မီတော့ နှစ်နိုင်ငံတာဝန်ရှိသူတွေ မျက်နှာချင်းဆိုင်ဆွေးနွေးမှု ပြုလုပ်နိုင်ဖွယ်မရှိဘူးလို့ ၎င်းက ပြောပါတယ်။ မကြာသေးမီ သီတင်းပတ်တွေမှာ နှစ်ဘက်တာဝန်ရှိသူတွေအကြား အပြန်အလှန် တယ်လီဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး လာမယ့်တွေ့ဆုံဆွေးနွေးပွဲအတွက် အစီအစဉ် တွေဆွဲခဲ့ကြတယ်လို ဆိုပါတယ်။

အမေရိကန်နဲ့တရုတ်နိုင်ငံတို့အကြား ရက် ၉၀ ကုန်သွယ်ရေးစစ်ပွဲ ယာယီပြေငြိမ်းထားရာ မတ် ၁ ရက်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဒီအတောအတွင်း သဘောတူညီချက်တစ်ရပ်ရရှိဖို့ နှစ်ဘက်လုံးက အာရုံစိုက်ကြိုးပမ်းနေတယ်လို့ မန်နျူချင်က ပြောဆိုပါတယ်။

ကုန်သွယ်ရေးစစ်ပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲကိုဇန်န၀ါရီလမှာ ပြုလုပ်မှာကို အမည်မဖော်လိုတဲ့ တရုတ်တာဝန်ရှိသူတွေကလည်း အတည်ပြုခဲ့ပြီး တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကတော့ ဒီကိစ္စအပေါ် ချက်ချင်းမှတ်ချက်မပေးခဲ့ပါဘူး။

တရုတ်သမ္မတ ရှီကျင်းပင်နဲ့ အမေရိကန်သမ္မတ ထရန့်၊ ဘဏ္ဍာရေးဝန်ကြီး မန်နျူချင်တို့ ဒီဇင်ဘာ ၁ ရက် တွေ့ဆုံခဲ့ကြတဲ့အချိန်မှာ ဟွာဝေးဘဏ္ဍာရေးအကြီးအကဲ အဖမ်းခံလိုက်ရတဲ့ ကိစ္စကို ၎င်းတို့မသိခဲ့ဘူးလို့ မန်နျူချင်က ပြောပါတယ်။ ဟွာဝေးဘဏ္ဍာရေးအကြီးအကဲဟာ အဲဒီနေ့မှာဘဲ ကနေဒါနိုင်ငံ ဗန်ကူးဗားမှာ အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။

#voiceofmyanmar#အမေရိကန်-တရုတ်#ကုန်သွယ်ရေးစစ်ပွဲပြေငြိမ်းရေးဇန်န၀ါရီလမှာဆွေးနွေးမည်#

Ref: Bloomberg

Photo : AFP

Related posts

Leave a Comment

VOM News

FREE
VIEW