ဂျကာတာ၊ ဒီဇင်ဘာ ၂၅-၂၀၁၈
မျိုးဆက် (VOM)
အင်ဒိုနီးရှားနိုင်ငံမှာ အန်နက်ကရာကာတူမီးတောင်ပေါက်ကွဲမှုကြောင့် ဆူနာမီဖြစ် ပွားပြီးနောက် သေဆုံးသူ အရေအတွက်ဟာ ၄၂၉ ဦးအထိတိုးမြင့်လာတယ်လို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်လျှော့ချရေး အေဂျင်စီက ပြောပါတယ်။
ဒီဇင်ဘာ ၂၂ ရက်က ဆူမာတြားကျွန်းနဲ့ ဂျာဗားကျွန်းပေါ်ရှိ ကမ်းရိုးတန်းမြို့တွေကို ကြီးမားတဲ့ ဆူနာမီလှိုင်းတွေရိုတ်ခတ်ခဲ့ပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် ပင်လယ်ကြမ်းပြင်မှာ မြေပြိုမှုများဖြစ်ပြီး အဆိုပါဆူနာမီလှိုင်းတွေ ဖြစ်ပေါ်လာတယ်လို့ ယူဆရပါတယ်။
လူပေါင်း ၁၄၅၉ ဦးထိခိုက်ဒါဏ်ရာရရှိခဲ့ပြီး ၁၅၀ ဦးပျောက်ဆုံးနေဆဲဖြစ်ကာ လူဦးရေ ၁၆၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တယ်လို့ သဘာဝဘေးအန္တရာယ်လျှော့ချရေး အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပိုပါဝိုနျူ ဂရိုဟို ကပြောပါတယ်။
လက်ရှိမှာ ဆူနာမီဒါဏ်အဓိက ခံလိုက်ရတဲ့ ဒေသတွေမှာ လမ်းတွေပိတ်ဆို့နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးနေပြီး ပိတ်မိနေသူတွေကိုရှာဖွေဖို့အတွက် အကြီးစား ကယ်ဆယ်ရေးကိရိယာတွေ ပို့ဆောင်လျက်ရှိပါတယ်။
အဆိုပါဒေသမှာ နောက်ထပ်ဆူနာမီလှိုင်းတွေဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြပြီး မီးတောင်အနီးရှိ ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်ကြသူတွေကို ကမ်းစပ်တွေနဲ့ အဝေးမှနေထိုင်ဖို့ သတိပေးထားပါတယ်။ ကမ္ဘာပေါ်ရှိ မီးတောင်တွေရဲ့ ၁၃ ရာခိုင်နှုန်းဟာ အင်ဒိုနီးနိုင်ငံမှာ တည်ရှိပါတယ်။
#voiceofmyanmar#အင်ဒိုနီးရှား#ဆူနာမီကြောင့်သေဆုံးသူ၄၀၀ကျော်ရှိ#
Ref: BBC
Photo : AP
အင်ဒိုနီးရှား ဆူနာမီကြောင့် သေဆုံးသူ ၄၀၀ကျော်အထိမြင့်တက်လာ
