AA နှင့် ARSA ပူးပေါင်းနေခြင်းဟုပြောဆိုမှုမှာ လက်ခံနိုင်စရာအကြောင်းမရှိဟု ANP ပြော

စစ်တွေ၊ ဇန်နဝါရီ ၈-၂၀၁၉

ခိုင်လင်းစံ(VOM)

နိုင်ငံတော်သမ္မတအိမ်တော်မှာ ဇန်နဝါရီလ ၇ ရက်နေ့ ညနေပိုင်းက သတင်းစာရှင်းလင်းပွဲမှာ ရက္ခိုင့်တပ်မတော် AA ဟာ ဘင်္ဂါလီအကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ARSA အဖွဲ့နဲ့ ပူးပေါင်းခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်တာတွေကို လုပ်ဆောင်နေတယ်လို့ သမ္မရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့ပါတယ်။

ARSA အကြမ်းဖက်အဖွဲ့အစည်းဟာ ရခိုင်ပြည်နယ်ရဲ့အစိပ်အပိုင်းဖြစ်တဲ့ မောင်တောခရိုင်ကို သီးခြားလွတ်လပ်တဲ့ အစ္စလာမ်နယ်မြေထူထောင်ရေးအတွက် အကြမ်းဖက်မှုတွေကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရခိုင်အဖွဲ့အစည်းတစ်ရပ်အနေနဲ့ သူတို့နဲ့ပူးပေါင်းနေတယ်လို့ ပြောဆိုခြင်းဟာ လက်ခံနိုင်စရာအကြာင်းမရှိကြောင်း ရခိုင်အမျိုးသားပါတီ ANP ကပြောကြားလိုက်ပါတယ်။

“ရခိုင်တွေဟာ ပထဝီနိုင်ငံရေးအမြင် ပြတ်ပြတ်သားသားနဲ့ ဘယ်တုန်းကမှ ဒီဘင်္ဂါလီတွေနဲ့ ပူးပါင်းလက်တွဲခဲ့တာမရှိခဲ့ဘူး၊ အဲဒါကြောင့် ARSA နဲ့လက်တွဲပြီးတော့ တိုက်တယ်ဆိုတာကတော့ ထင်ရှားတဲ့သက်သေသာဓကတွေ ပြဖို့လိုအပ်ပါတယ်၊ အဲဒီလိုမဟုတ်ဘဲနဲ့ မခိုင်မာဘဲနဲ့ မိမိအထင်နဲ့ပြောတာကတော့ တော်တော်လေးကိုး လွဲမှားတဲ့အယူအဆဖြစ်တယ်”လို့ ANP အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောကြားလိုက်ပါတယ်။

ရက္ခိုင့်တပ်မတော် AA ဟာ အခုလ ၄ ရက်နေ့မနက်ပိုင်းက ဘူးသီးတောင်မြို့နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားဒေသ လုံးခြုံရေးတွေကိုဆောင်ရွက်နေတဲ့ နယ်ခြားစောင့်ရဲကင်းစခန်း ၄ ခုကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အတွက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်သားတချို့သေဆုံးခဲ့ပြီး ၁၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးတော့ ညနေပိုင်းမှာ ပြန်လည်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။

“အခုလိုပြောတာက ကျွန်တော်တို့ ရခိုင်အမျိုးသားတွေအနေနဲ့ အင်မတန်အခံရက်ခက်တယ်၊ ပြီးတော့လက်ခံနိုင်စရာ အကြောင်းမရှိတဲ့ကိစ္စဖြစ်တယ်၊ မောင်တောခရိုင်ဆုံးရှုံးရမှာကိုတော့ ဘယ်ရခိုင်သားကမှ သဘောတူညီကြမှာမဟုတ်ဘူး၊ အလွယ်တကူဆုံးဖြတ်မှာလည်းမဟုတ်ဘူး၊ အဲဒါကိုတော့ ကျွန်တော်တို့ အခိုင်အမာပြောနိုင်တယ်”လို့ ဦးထွန်းအောင်ကျော်က ဆက်လက်ပြောကြားပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ တစ်လကျော်အကြာတိုက်ပွဲတွေဖြစ်ပွားနေပြီး ဘူးသီးတောင်မြို့နယ်က နယ်ခြားစောင့်တပ်စခန်းတွေကို တိုက်ခိုက်ခံလိုက်ရပြီးတဲ့နောက်မှာ AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ထုတ်ပြန်လိုက်ပြီး နိုင်ငံတော်သမ္မရုံးက အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

#voiceofmyanmar#စစ်တွေ#AAနှင့်ARSAပူးပေါင်းနေခြင်းဟုပြောဆိုမှုမှာ#လက်ခံနိုင်စရာအကြောင်းမရှိဟုANPပြော#

 

Related posts

Leave a Comment

VOM News

FREE
VIEW