ကလေးမြို့နယ်က ပြောင်းစိုက်ခင်းတွေမှာ အဖျက်စွမ်းအားကြီးတဲ့ ငမြောင်တောင်ပိုးတွေကျတာကို အချိန်မှီမရှင်းနိုင်ရင် ပျက်စီးမှုများနိုင်

ကလေး ဇန်န၀ါရီ ၁၆-၂၀၁၉

မိုင်ချယ်ရီ (VOM)

စစ်ကိုင်းတိုင်း ကလေးမြို့နယ်က  ပြောင်းစိုက်ခင်းတွေမှာ စပါးနဲ့ စိုက်ပျိုးသီးနှံတွေကို ဖျက်ဆီးစားသောက်နိုင်စွမ်းအားကြီးတဲ့ ငမြောင်တောင်ပိုး(fall Armyworm) တွေ ကျရောက်နေတယ်လို့ ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးကနေ သိရပါတယ်။

သီးနှံအမျိုးပေါင်း (၈၀)ကျော်ကို ဖြတ်ဆီးစားသောက်နိုင်တဲ့ ငမြောင်တောင်ပိုး(fall Armyworm) ဟာဆိုရင် ကလေးမြို့ မြို့လှ ရပ်ကွက်မှာရှိတဲ့ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားတဲ့ အစေ့ထုတ်ပြောင်းဖူးခင်းတွေမှာ ကျရောက်နေတာကို ဇန်န၀ါရီလ ဒုတိယပတ် အတွင်းမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီလိုတွေ့ရှိတာကြောင့် တောင်သူတွေကို အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာတွေ အသိပညာပေးဟောပြောပွဲ လုပ်တာတွေကို ဇန်န၀ါရီလ ၁၆ ရက်နေ့မှာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန က တာဝန်ရှိသူတွေ ကွင်းဆင်း ပြုလုပ်ခဲ့ပါတယ်။  ကလေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးရဲ့  မြို့နယ်မန်နေဂျာ ဦးနိုင်ထွန်းဝင်း က

“ပိုးတွေကို အရွယ်စုံပဲ တွေ့ရတယ်။ဒီပိုးတွေက အိန္ဒိယဖက်ကလာတာ စိုက်ပျိုးသီးနှံတွေ  မပျက်စီးခင် အမြန်ဆုံး နှိမ်နင်းဖို့ လိုအပ်တယ်လို့ ” လို့ ပြောပါတယ်။

 

တစ်ညအတွင်း မိုင်ပေါင်း ၆၀ အထိ သွားလာပြီး သီးနှံတွေကို ဖျက်ဆီးစားသောက်နိုင်တဲ့ ဒီပိုးဟာ ၂၀၁၆ ခုနှစ် အတွင်းက အာဖရိကနိုင်ငံတွေမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ အိန္ဒိယနိုင်ငံ မှာ ထပ်မံတွေ့ရှိရပြီး မြန်မာနိုင်ငံအတွင်းလည်း ပျံ့နှံ့ဝင်ရောက်လာနိုင်ခြေ ရှိတဲ့အတွက် စိုက်ပျိုးရေး မွေးမြူရေး နဲ့ ဆည်မြောင်းဝန်ကြီးဌာန ကနေပြီးတော့ ပိုးတွေ့ပါက ချက်ခြင်း ထိရောက်စွာနှိမ်နင်းဖို့ အတွက် ၂၀၁၈ ခုနှစ်အတွင်း က သတိပေးထုတ်ပြန်ထားခဲ့ပါတယ်။

ငမြောင်တောင်ပိုး(fall Armyworm) ကို မြန်မာနိုင်ငံအတွင်းမှာ  မြင်းခြံမြို့နယ် ၊ တပ်ကုန်းမြို့နယ် ၊ကျိုင်းတုံမြို့နယ် နဲ့ ဧရာဝတီတိုင်း အတွင်းမှာ တွေ့ရှိထားတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနရုံး ကနေ လာတဲ့ သတင်းတွေအရ သိရပါတယ်။

#voiceofmyanmar #ကလေး #ငမြောင်တောင်ပိုး #ပြောင်းခင်း

Related posts

Leave a Comment

VOM News

FREE
VIEW