မောင်တောမြို့နယ်အတွင်းပစ်ခတ်မှုဖြစ်ပွား နေအိမ်တစ်လုံးမီးလောင်၊ ကျေးရွာသားနှစ်ဦး ဒဏ်ရာရ

မောင်တော၊ ဇန်နဝါရီ ၁၆-၂၀၁၉
ခိုင်လင်းစံ (VOM)
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရန်အောင်ပြင်ကျေးရွာအနီး ဒီနေ့နေ့လည်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီပစ်ခတ်မှုဖြစ်စဉ်မှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ကြတဲ့အတွက် ရန်အောင်ပြင်ကျေးရွာသို့ လက်နက်ကြီးကျည် ကျရောက်ပြီး နေအိမ်တစ်လုံးမီးလောင်ကျွမ်းခဲ့ကာ ကျေးရွာသားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
“ဘယ်သူတွေနဲ့ပစ်တယ်ဆိုတာမသိဘူး။ နေ့လည်လောက်မှာ လက်နက်ကြီးနဲ့ပစ်လိုက်တဲ့ကျည်ဟာ ရွာစွန်မှာကျပြီး နေအိမ်တစ်လုံးမီးလောင်သွားပါတယ်။ ကလေးတစ်ယောက်နဲ့ လူကြီးတစ်ယောက် ဒဏ်ရာရသွားပါတယ်။”လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။
ဖြစ်စဉ်မှာ မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာ နယ်ခြားစောင့်ရဲကင်းစခန်းက လုံခြုံရေးကားတစ်စီးဟာ ရန်အောင်ပြင် ကျေးရွာအနီးမှာ မိုင်းဆွဲခံလိုက်ရပြီး ထိခိုက်မှုတွေရှိခဲ့တာကြောင့် အဲဒီနယ်မြေအတွင်းမှာနယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်စဉ် အခုလိုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောပါတယ်။
“အချိန်တော့အတိကျမသိဘူး။ ကျွန်တော်ကို ဒေသခံတွေအကြောင်းကြားတာပါ။ ဖြစ်တာက ကြိမ်ချောင်းရဲစခန်းက ကားတစ်စီးဟာ ရန်အောင်ပြင်ကျေးရွာနဲ့ တစ်မိုင်လောက်အကွာမှာ မိုင်းဆွဲခံရတယ်။ ဒါကြောင့် အဲဒီမေယုတောင်တန်းမှာရှိနေတဲ့တပ်တွေက ပစ်ခတ်မှုတွေပြုလုပ်တာကြောင့် ဖြစ်တယ်လို့သိရပါတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ အခုမောင်တောဆေးရုံကို ယူလာနေပါပြီ”လို့ ဦးမောင်အုန်းက ပြောပါတယ်။
အခုလို ကျေးရွာအနီးမှာပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ကျေးရွာအတွင်း လက်နက်ကြီးကျည်တွေကျရောက်တာရှိနေပြီးတော့ ကျေးရွာသားတွေကို ဘုန်းတော်ကြီးကျောင်းမှာ စုဝေးထားတယ်လို့ ပြောပါတယ်။
#voiceofmyanmar#မောင်တော

Related posts

Leave a Comment

VOM News

FREE
VIEW