မြန်မာနိုင်ငံက တင်ပို့မယ့်ဆန်တွေကို အခွန်ကောက်ဖို့ အီးယူဆုံးဖြတ်လိုက်ပြီ

ဘရပ်ဆယ်၊ ဇန်န၀ါရီ-၁၇

မျိုးဆက် (VOM)

မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့မှ တင်ပို့တဲ့ ဆန်တွေကို ဇန်န၀ါရီ ၁၈ ရက်ကစပြီး အခွန်ကောက်ခံ တော့မှာဖြစ်တယ်လို့ ဥရောပ ကော်မရှင် ဇန်န၀ါရီ ၁၆ ရက်မှာ ကြေညာလိုက်ပါတယ်။

အီတလီအစိုးရရဲ့ တောင်းဆိုချက်ကြောင့် မတ်လအတွင်းက မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ကို စုံစမ်းစစ်ဆေးမှု တစ်ရပ်လုပ်ဆောင်ပြီးနောက် သုံးနှစ်အခွန်ကောက်ခံမယ့် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းဖြစ်ပါတယ်။

ဒီလိုအခွန်ကောက်ခံတာနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံက ဆုံးဖြတ်ချက်တစ်စုံတစ်ရာ တိတိကျကျမချမှတ်နိုင်ခဲ့တာကြောင့် စီးပွားရေးမူဝါဒတွေကို ကိုင်တွယ်ဆောင်ရွက်နေတဲ့ ဥရောပကော်မရှင်က ယခုလိုဆုံးဖြတ်လိုက်တာပါ။

ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ လက်နက်မှအပ အခြားကုန်ပစ္စည်းတွေကို ဥရောပနိုင်ငံများသို့ တင်ပို့ရာမှာ ယခင်က အခွန်ကင်းလွတ်ခွင့်ရရှိထားပါတယ်။ ဒါပေမယ့် အခွန်ကောက်ခံမယ့် အီးယူရဲ့ ဆုံးဖြတ်ချက်ကြောင့် မြန်မာနဲ့ ကမ္ဘောဒီးယားက တင်ပို့မယ့် ဆန်တစ်တန်ကို မထမနှစ်မှာ ၁၇၅ ယူရို၊ ဒုတိယနှစ်မှာ ၁၅၀ ယူရိုနဲ့ တတိယနှစ်အတွက်တော့  ၁၂၅ ယူရိုကောက်ခံသွားတော့မှာဖြစ်ပါတယ်။

အီးယူရဲ့ ယခုဆုံးဖြတ်ချက်ဟာ ဆန်နဲ့ပတ်သက်တဲ့ သီးခြားအရေးယူမှုတစ်ဖြစ်ဖြစ်သော်လည်း မြန်မာနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ဟာ ၎င်းတို့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြသနာတွေကြောင့် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးအုပ်စုတွေထံက ရရှိထားတဲ့ အထူးအခွင့်အရေးတွေ ဆုံးရှုံးတာနဲ့ ရင်ဆိုင်နေရပါတယ်။

Ref : Reuter

Photo VOM

#voiceofmyanmar#မြန်မာဆန်တွေအီးယူအခွန်ကောက်မည်

 

Related posts

Leave a Comment

VOM News

FREE
VIEW