ဘူးသီးတောင်က စစ်ဘေးရှောင်တချို့ နေရပ်ပြန်သူရှိပေမယ့် တချို့ထပ်မံထွက်ပြေးရ

ဘူးသီးတောင်၊ ဇန်နဝါရီ ၁၉-၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်တွေထဲက တချို့ကျေးရွာသားတွေဟာ မနေ့က မိမိနေရပ်ကို ပြန်လည်သွားရောက်ခဲ့ကြပြီဖြစ်ပါတယ်။

လက်ရှိတချို့ဒေသတွေမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခြင်းမရှိဘဲ တည်ငြိမ်မှုတွေရှိနေပြီမို့ မိမိတို့ရဲ့ အလုပ်အကိုင်တွေကို ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် စံဂိုးထောင်ကျေးရွာကိုလာရောက်ခိုလှုံခဲ့ကြတဲ့ ဥယျာဉ်သာ ကျေးရွာသားတွေ အခုလိုနေရပ်ပြန်သွားခဲ့ကြတာဖြစ်ပါတယ်။

“ကျွန်မတို့က တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ကြောက်ပြီးထွက်ပြေးလာခဲ့ကြတာပါ။ အခုမဖြစ်တော့ဘူးဆိုတော့ ကိုယ့်ရွာကို ပြန်တာပေါ့နော်။ အလုပ်တွေလည်းရှိတယ်။ ကျွဲနွားတွေ၊ ကြက်တွေအကုန်ကျန်ခဲ့တာ။ အိမ်တွေကိုလည်း လူမနေဘဲဒီတိုင်းတာရှည်ထားလို့မဖြစ်ဘူး။ ဒါကြောင့်ပြန်တာပါ။”လို့ ဥယျာဉ်သာကျေးရွာသူတစ်ဦးက ပြောသည်။

အဲဒီကျေးရွာသားတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့က ကျေးရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ကြောက်ရွံ့ပြီး စံဂိုးထောင်ကျေးရွာကို ရွာသား ၂၁၀ ကျော် လာရောက်ခိုလှုံခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် ကံပြင်ကျေးရွာက မိသားစုတစ်ချို့တို့လည်း ဒေသတည်ငြိမ်နေပြီဖြစ်တဲ့အတွက် မနေ့ ဇန်နဝါရီ ၁၈ ရက်နေ့က နေရပ်သို့ပြန်လည် သွားရောက်ခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့တဲ့အတွက် ပြန်လည်ထွက်ပြေးခဲ့ကြပါတယ်။

“ရွာသားတွေက တိုက်ပွဲတွေမဖြစ်တော့ဘူးဆိုပြီး ပြန်လာကြပါတယ်။ အကုန်လုံးတော့မဟုတ်ဘူး။ မိသားစုလေးငါးစု လောက်လာတာပါ။ ဒီနေ့မနက် ၈ နာရီခွဲလောက်မှာ တိုက်ပွဲတွေပြန်ဖြစ်တော့ ထပ်ပြီးထွက်ပြေးရတာပေါ့။”လို့ ကံပြင်ကျေးရွာသားတစ်ဦးက ပြောပါတယ်။

တိုက်ပွဲတွေဟာ မနက်ပိုင်းကစတင်ပြီး ကံပြင်ကျေးရွာအနီး အသည်းချောင်းထဲမှာဖြစ်ပွားနေကြတဲ့အတွက် လက်နက်ကြီးပစ်ခတ်သံတွေကို ကြားနေရပြီး ကျေးရွာသားတွေဟာ နီးစပ်ရာကျေးရွာတွေဖြစ်တဲ့ စေတီတောင်နဲ့ စပါးထားကျေးရွာတွေမှာ ခိုလှုံနေကြရတာဖြစ်ပါတယ်။

#voiceofmyanmar#ဘူးသီးတောင်စစ်ရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW