တရုတ်နိုင်ငံကို ပွဲစားတွေကတဆင့် တရားမဝင် သွားရောက်အလုပ်လုပ်နေသူ အယောက် ၆၀ မြန်မာနိုင်ငံပြန်ရောက်လာ

မူဆယ် ဇန်နဝါရီ ၂၂-၂၀၁၉

ဗျဂ္ဃ(VOM)

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက လူခေါ်ပွဲစားတွေကနေတဆင့် တရုတ်နိုင်ငံမှာ အလုပ်လုပ်ဖို့ နယ်စပ်ဖြတ်ကျော်ဗီဇာနဲ့ သွားရောက်ခဲ့တဲ့ အလုပ်သမားတွေ လူခေါ်ပွဲစားတွေပြောသလို မဟုတ်ဘဲ အခက်အခဲတွေကြုံရတာကြောင့် နီးစပ်ရာ အဖွဲ့အစည်းတွေကတဆင့် အစိုးရထံအကူအညီတောင်းခံတာတွေ ရှိခဲ့ပြီး ဇန်နဝါရီလ ၂၂ ရက်နေ့မှာတော့ တရုတ်နိုင်ငံ နေရာ ၂ နေရာမှာ ရောက်ရှိနေတဲ့ အလုပ်သမား ၆၀ ဦး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ယူနန်ပြည်နယ်ထဲမှာ ၄၅ ဦး၊ တရုတ်နိုင်ငံ ပင်လယ်ဝါဒေသ ရှမ်းဒေါင်ပြည်နယ်က ၁၅ ဦးတို့က အကူအညီတောင်းပြီး ၁၀ ရက်ခန့်အကြာမှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။

၄၅ ဦးအဖွဲ့က ကနီ၊ မင်းကင်း၊ ကလေးမြို့နယ်တွေကဖြစ်ပြီး အမျိုးသမီး ၇ ဦးပါဝင်ကာ ၁၅ ဦးအဖွဲ့ကတော့ ကနီ၊ မုံရွာမြို့နယ်တွေကဖြစ်ကာ အမျိုးသမီး ၆ ဦးပါဝင်တယ်လို့ သိရပါတယ်။

“လောလောဆယ်တော့ မူဆယ်ရောက်ပြီ။ ပြည်ထောင်စုကော၊ တိုင်းအစိုးရ နယ်လုံ၊ လူမှုရေးဝန်ကြီးနဲ့ရော ချိတ်ဆက်ဆောင်ရွက်နေတယ်။ ဒီ ၁ရက်၊ ၂ရက်အတွင်း နေရပ် ပြန်ရောက်လာမှာပါ။”လို့ ကနီမြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။ လက်ရှိမှာ ၂ ဖွဲ့စလုံးကို စေလွတ်ပို့ဆောင်ပေးခဲ့တဲ့ လူခေါ်ပွဲစားတွေကိုတော့ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

အသေးစိပ်ကိုလည်း အလုပ်သွားလုပ်သူတွေ ပြန်ရောက်လာရင် ရှင်းလင်းပွဲတွေပါ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

#Voiceofmyanmar#တရုတ်ပြည်ကမြန်မာလုပ်သား၆၀ပြန်ရောက်

Related posts

Leave a Comment

VOM News

FREE
VIEW