တောင်မင်းကုလားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို လူတစ်စုကဖမ်းဆီးခေါ်ဆောင်

ကျောက်တော်၊ ဇန်နဝါရီ ၂၂-၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ယိုးချောင်းအထက်ပိုင်းကျေးရွာတစ်ရွာဖြစ်တဲ့ ကျောက်တော်မြို့နယ် တောင်မင်းကုလား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးထွန်းနုကို အမည်မသိအဖွဲ့အစည်းတစ်ခုကနေ ဇန်နဝါရီ ၂၀ညနေပိုင်းက  ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

အဲဒီဖမ်းဆီးခေါ်ဆောင်မှုကိုခံလိုက်ရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဟာ ဇန်နဝါရီလ ၂၀ ရက်နေ့ညနေပိုင်းက အိမ်ပြန်စဉ် တောင်မင်းကုလားကျေးရွာနဲ့ သံချောင်းကျေးရွာအကြားလမ်းမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

“တောင်မင်းကုလားကျေးရွာအုပ်ချုပ်ရေးမှူးက သံချောင်းကျေးရွာမှာနေတာပါ။ တစ်နေ့က ညနေပိုင်းမှာ ဒီကယ်ဆယ်ရေးစခန်းကနေ သံချောင်းကိုပြန်တဲ့အခါ လမ်းမှာခေါ်သွားတာလို့သိရတယ်။ ညနေ ၈ နာရီလောက်မှာ ဒီကနေပြန်သွားတာပါ။”လို့ တောင်မင်းကုလားကျေးရွာကယ်ဆယ်ရေးစခန်းက စစ်ဘေးရှောင် ဦးအောင်ထွန်းက ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ အုပ်ချုပ်ရေးမှူး ဦးထွန်းနုမှာ မြိုလူမျိုးတစ်ဦးဖြစ်ပြီး တောင်မင်းကုလားကျေးရွာအထက်ပိုင်းမှာရှိတဲ့ သံချောင်းကျေးရွာမှာ မိသားစုတွေနဲ့အတူ နေထိုင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

“ဘယ်သူတွေလဲကျွန်တော်တို့တော့မသိဘူး။ တပ်မတော်သားဟန်ဆောင်ပြီးတော့ ခေါ်သွားတာလို့ပြောတယ်။ အဘကအရေးတကြီးခေါ်ခိုင်းတယ်လို့ ပြောပြီးတော့ ခေါ်သွားတယ်လို့ကြားတယ်။ မနေ့က မိသားစုတွေဒီကိုလာတိုင်တဲ့အခါမှ ကျွန်တောတို့လည်း သိလိုက်ရတာပါ။”လို့ ဦးအောင်ထွန်းက ဆက်လက်ပြောကြားပါတယ်။

ဖမ်းဆီးခေါ်ဆောင်မှုခံလိုက်ရတဲ့ တောင်မင်းကုလားကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းနုမှာ ယနေ့အထိမိသားစုတွေနဲ့ အဆက်အသွယ်မရရှိဘဲ ပျောက်ဆုံးနေဆဲဖြစ်ပြီး မိသားစုတွေကတော့စိတ်ပူနေပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တိုင်ကြားထားတာဖြစ်ပါတယ်။

#voiceofmyanmar#အုပ်ချုပ်ရေးမှူးဖမ်းခံရ

Related posts

Leave a Comment

VOM News

FREE
VIEW