တရုတ်နိုင်ငံကနေ ပြန်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သား ၆၀ကို တယောက် ၄သိန်း၈သောင်းဆီ စစ်ကိုင်းတိုင်းအစိုးရထောက်ပံ့

မုံရွာ ဇန်နဝါရီ ၂၄-၂၀၁၉

ဗျဂ္ဃ(VOM)

တရုတ်နိုင်ငံကို လူခေါ်ပွဲစားတွေကတဆင့် တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး အခက်အခဲတွေကြုံတွေ့ခဲ့ရလို့ အစိုးရနှင့် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ဇန်နဝါရီလ ၂၃၊ ၂၄ ရက်နေ့တွေမှာ ပြန်လည်ရောက်ရှိလာတဲ့ ရွှေ့ပြောင်းအလုပ်သမား ၆၀ ဦးကို ဇန်နဝါရီလ ၂၄ ရက်နေ့ နေ့လည်ပိုင်းက မုံရွာမြို့ မြို့တော်ခန်းမမှာ တိုင်းအစိုးရက အသိပညာပေးတာ၊ မိဘရပ်ထံ ပြန်လည်ပို့ဆောင်ပေးတာနှင့် ငွေကြေးထောက်ပံ့တာတွေ ပြုလုပ်ပေးခဲ့ပါတယ်။

ကနီမြို့နယ်၊ မင်းကင်းမြို့နယ်၊ ကလေးမြို့နယ်၊ မုံရွာမြို့နယ်တွေက အလုပ်သမားတွေက လူခေါ်ပွဲစားတွေကနေတဆင့် တလကို ငွေဘယ်လောက်ရမယ်၊ ဘယ်မှာဘယ်လိုလုပ်ရမယ်ဆိုပြီး ဟိုရောက်မှ သူတို့ပြောသလိုမဟုတ်ဘဲ အလိမ်ခံခဲ့ရတာပါ။ ပြန်လာတဲ့ အယောက် ၆၀ ထဲမှာ ၄၅ ယောက်က ယူနန်ပြည်နယ်အတွင်း ကြံစိုက်ခင်းတွေမှာ လုပ်ကိုင်ခဲ့ရပြီး ကျန်တဲ့ ၁၅ ယောက်ကတော့ ပင်လယ်ကမ်းစပ်မှာ လုပ်ကိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ပြည်ပကို တရားမဝင်အလုပ်လုပ်ဖို့ နယ်စပ်မှာ အလည်အပတ်ဗီဇာတွေနဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွေမှာ သွားရောက်ခဲ့ကြတာပါ။ အစားအစာ၊ ရေ၊ မီးမလောက်ငှတဲ့အပြင် အလုပ်ချိန် ၈ နာရီထက်ပိုမိုခိုင်းစေတာ၊ လုပ်အားခနည်းတာ၊ ခြိမ်းခြောက်တာတွေကြောင့် အွန်လိုင်းကနေ မိဘတွေကိုဆက်သွယ်ကာ မိဘတွေကတဆင့် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေကို ဆက်သွယ်ပြီး တိုင်းအစိုးရ၊ ပြည်ထောင်စုအစိုးရအဆင့်ဆင့်ကို ချိတ်ဆက်ကာ ၁၀ ရက်ကျော်ကြာ ပြည်တွင်းကို ပြန်လည်ကယ်ထုတ်နိုင်ရေး လုပ်ဆောင်ခဲ့ကြရတာပါ။

နေရပ်ပြန်ရောက်လာသူတွေကို တိုင်းအစိုးရရဲ့ လမ်းညွှန်မှုနဲ့ ဆေးဝါးစောင့်ရှောက်မှုပေးတာ၊ ၁ ယောက်ချင်းစိစစ်တာ၊ ထောက်ပံ့ကြေးပေးတာ၊ မိဘဆွေမျိုးတွေထံ ပြန်လည်အပ်နှံပေးတာတွေ ပြုလုပ်ပေးခဲ့ပါတယ်။ တိုင်းအစိုးရရဲ့ ဦးဆောင်မှုနှင့် စေတနာရှင်တွေ၊ လုပ်ငန်းရှင်တွေကြောင့် နေရပ်ပြန်ရွှေ့ပြောင်းလုပ်သား ၆၀ ဦးကို ၁ ဦးလျှင် ၄ သိန်း ၈သောင်းကျပ်စီ အသီးသီးထောက်ပံ့ကာ လူမှုကူညီရေးအသင်းကားတွေနဲ့ နေရပ်အရောက်ပို့ဆောင်ပေးခဲ့ပါတယ်။

“နောင်ဒီလိုအဖြစ်မျိုးတွေ မဖြစ်ပွားရအောင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအနေနဲ့ ယခုဖြစ်စဉ်မှာ ပါဝင်တဲ့ ကျေးရွာတွေကိုသွားရောက်ပြီး အသိပညာပေးဆွေးနွေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး စီမံပေးပါ့မယ်။ နိုင်ငံခြားကို ရောင်းချမယ့် ထွက်ကုန်များကို လွယ်ကူစွာ ကူးသန်းရောင်းဝယ်နိုင်ရေး နိုင်ငံအချင်းချင်းညှိနှိုင်းပေးရန် ပြန်ထောင်စု အစိုးရအဖွဲ့ကို တင်ပြခြင်း၊ အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းမှာ ပိုမိုဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ခြင်း၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်၍ ပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ပြည်တွင်းလုပ်ငန်းရှင်များအတွက် အခွင့်အလမ်းများ ဖန်တီးပေးခြင်း စတဲ့ အချက်များကို ဆောင်ရွက်ပေးခြင်းဖြင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်သူများ လျော့ပါးစေရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”လို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောဆိုခဲ့ပါတယ်။

လူ ၆၀ အတွက် လူခေါ်ပွဲစား ၆ ယောက်ရှိခဲ့ပြီး ၅ ယောက်ကိုတော့ ဖမ်းဆီးထားတယ်လို့ တိုင်းနယ်လုံဝန်ကြီးကလည်း ပြောပါတယ်။ ပြန်ရောက်လာသူတွေထဲက ၄၅ ယောက်အဖွဲ့မှာ အမျိုးသမီး ၇ ယောက်၊ အမျိုးသား ၃၈ ယောက်နှင့် ၁၅ ယောက်အဖွဲ့မှာတော့ အမျိုးသမီး ၉ ယောက်၊ အမျိုးသား ၆ ယောက်ပါရှိပါတယ်။ နောက်ထပ်လည်း လူကုန်တားကို တိုင်တန်းထားတာ ၃၃ ယောက်အဖွဲ့ရှိနေသေးတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းမှာ ၂၀၁၈ ခုနှစ်အတွင်း လူကုန်ကူးမှုအနေနဲ့ တရုတ်မယားအဖြစ် ရောင်းစားခံရတာ ၂ မှုနှင့် ပြည်တွင်းပြည့်တန်ဆာလုပ်ငန်းအတွက် စေခိုင်းခံရတာ ၁ မှုသာရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar#တရုတ်ပြန်တရားမဝင်လုပ်သားများ

Related posts

Leave a Comment

VOM News

FREE
VIEW