ရွှေ့ပြောင်းနေထိုင်သူများအရေးကြောင့် မက္ကဆီကိုနယ်စပ်သို့ အမေရိကန် တပ်ဖွဲ့ဝင် ၃၇၀၀ ကျော် ထပ်မံစေလွှတ်

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၁၉

မျိုးဆက် (VOM)

ဗဟိုအာဖရိက ရွှေ့ပြောင်းနေထိုင်သူတွေ နိုင်ငံအတွင်း ၀င်ရောက်ဖို့ ကြိုးစားနေတဲ့ မက္ကဆီကို နဲ့ထိစပ်နေတဲ့ အမေရိကန်နိုင်ငံ အနောက်တောင်ဘက်နယ်စပ်ကို အမေရိကန်တပ်ဖွဲ့ဝင် ၃၇၅၀ ကိုထပ်မံ စေလွှတ်သွားမယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ဖေဖော်ဝါရီ ၃ ရက်က ကြေညာပါတယ်။

အဆိုပါနယ်စပ်မှာရှိနေပြီးဖြစ်တဲ့ အကောက်ခွန်နဲ့ နယ်စပ်လုံခြုံရေးဝန်ထမ်းတွေကို ထောက်ပံ့ကူညီမှုတွေ လုပ်ဖို့အတွက် ဒီလိုတပ်ဖွဲ့ဝင်အရေအတွက် တိုးမြင့်လိုက်တာဖြစ်ပြီး တပ်ဖွဲ့ဝင် ၄၃၅၀ အထိရှိလာလိမ့်မယ်လို့ ပင်တဂွန်က ဆိုပါတယ်။

နိုဝင်ဘာလကကျင်းပခဲ့တဲ အမေရိကန်ကွန်ဂရက်ရွေးကောက်ပွဲမတိုင်မီ  အောက်တိုဘာလကလည်း မက္ကဆီကိုနယ်စပ်မှာ ဖြန့်ကြက်ဖို့အတွက်အမေရိကန် တပ်ဖွဲ့ဝင်တွေကို ပထမဆုံးအကြိမ်အဖြစ် ပင်တဂွန်က ခွင့်ပြုခဲ့ပါတယ်။

နယ်စပ်အခြေအနေကို ပြသနာတစ်ရပ်အဖြစ် ပုံဖော်ခဲ့တဲ့ သမ္မတဒေါ်နယ်ထရန့်ကတော့ ဖေဖော်ဝါရီ ၅ ရက်မှာပြောကြားမယ့် နိုင်ငံတော်အခြေပြုမိန့်ခွန်းမှာ လူဝင်မှုကြီးကြပ်ရေးပြသနာနဲ့ မက္ကဆီကိုနဲ့ နယ်စပ်တစ်လျှာက်မှာ တံတိုင်းကာရံဖို့အတွက် အဆိုပြုထားတဲ့ ကိစ္စတွေကို ထည့်သွင်းပြောကြား ဖွယ်ရှိနေပါတယ်။

နယ်စပ်တံတိုင်းကာရံရေးအတွက် ဒေါ်နယ်ထရန့်တောင်းဆိုထားတဲ့ ရန်ပုံငွေကိစ္စမှာ ဒီမိုကရက်တစ်တွေရဲ့ ဆန့်ကျင်မှုနဲ့ ရင်ဆိုင်နေရပြီး အမေရိကန်အစိုးရလုပ်ငန်းတွေ တစ်စိတ်တစ်ပိုင်း ရပ်တန့်ခဲ့ရပါတယ်။

အစိုးလုပ်ငန်းတွေပြန်ဖွင့်ဖို့အတွက် လွန်ခဲ့တဲ့လက ယာယီသဘောတူညီမှု ရရှိခဲ့ပေမယ့် ၎င်းတောင်းဆိုထားတဲ့ ရန်ပုံငွေကို ခွင့်မပြုဘူးဆိုရင် နောက်ထပ် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းတာ ဒါမှမဟုတ် နိုင်ငံအရေးပေါ် အခြေအနေကြေညာမယ်လို့ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ထားပြီး နယ်စပ်တံတိုင်းကာရံရေးအစီအစဉ်ဟာ လူဝင်မှုကြီးကြပ်ရေး ပြသနာတွေကို ရပ်တန့်နိုင်လိမ့်လို့ ဆိုပါတယ်။

Ref : Reuter

Photo : Getty Image

 

Related posts

Leave a Comment

VOM News

FREE
VIEW