စစ်ပွဲတွေကြောင့် ပိတ်မိနေပြီး ရိက္ခာပြတ်လပ်မှုဖြစ်နေတဲ့ ကျေးရွာပေါင်း ၁၀ရွာ ကျော်ရှိလာနေ

စစ်တွေ၊ ဖေဖော်ဝါရီ ၇-၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက စစ်ပွဲဖြစ်ပွားမှုတွေကြောင့် ကျေးရွာတချို့တို့ဟာ ပိတ်မိနေပြီး ဆက်သွယ်သွားလာရေး အခက်အခဲနဲ့ကြုံတွေ့နေရတာကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုဖြစ်ပွားနေတဲ့ ကျေးရွာပေါင်း ၁၀ရွာ ကျော်အထိရှိလာနေ ပြီဖြစ်ပါတယ်။

အဲဒီကျေးရွာတွေအနေနဲ့ အခုလိုပိတ်မိနေတာဟာ နှစ်လနီးပါးအထိကြားမြင့်နေပြီဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေ ဖြစ်တာကြောင့် ရိက္ခာသယ်ယူခွင့်နဲ့ ခရီးသွားလာခွင့်တွေကို မရရှိတာကြောင့်ဖြစ်ပါတယ်။

“ကျွန်တော်တို့ရွာသားတွေ ဘယ်မှသွားလာလို့မရဘဲ ပိတ်မိနေတာ အခုဆိုရင် နှစ်လလောက်ရှိလာနေပြီပေါ့နော်။ အလုပ်အကိုင်တွေလည်းမလုပ်ရဘူး။ ဒါကြောင့် စားရေးသောက်ရေးအခက်အခဲတွေရှိနေပါတယ်။ တော်တော်လေးကို ဒုက္ခရောက်နေကြပါတယ်။”လို့ ပိတ်မိကျေးရွာသားတစ်ဦးက ပြောပါတယ်။

အခုလိုမျိုးပိတ်မိနေတဲ့ကျေးရွာတွေကတော့ ကျောက်တော်မြို့နယ် ယိုးချောင်းအထက်ပိုင်းမှာ ကျေးရွာ ၅ ရွာ၊  ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်းအထက်ပိုင်းမှာ ကျေးရွာ ၃ ရွာအပြင် ရသေ့တောင်မြို့နယ်အတွင်းက ကျေးရွာတွေအပြင် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းအထက်ပိုင်းမှာရှိနေတဲ့ ကျေးရွာတွေမှာ ရိက္ခာပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

“ရိက္ခာပြတ်နေတဲ့ကျေးရွာ အားလုံးက မြို့နယ်လေးမြို့နယ်အတွင်းမှာဆိုရင် ၁၀ ကျော်လောက်ရှိနိုင်ပါတယ်။ အခုအခြေအနေက စစ်ဘေးရှောင်စခန်းတွေကို ကယ်ဆယ်ရေးတွေပေးနေတဲ့အတွက် အဆင်ပြေတဲ့သဘောရှိတယ်။ တချို့ဒေသတွေမှာပိတ်မိနေတဲ့ရွာတွေကို သွာလာခွင့်မရတော့ ရိက္ခာပို့လို့မရဘူး။ အဲဒီရွာတွေကတော့ အမှန်တကယ်ကို အခက်အခဲဖြစ်နေတာပါ။”လို့ စစ်တွေမြို့ အရပ်ဖက်အဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီ နာယက ဦးသန်းထွန်းက ပြောပါတယ်။

ဒါ့အပြင် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ထောက်ပံ့ကူညီပေးတာတွေ ပြုလုပ်နေကြပေ မယ့် သွားလာရေးခက်ခဲတဲ့ ရသေ့တောင်မြို့နယ် ပဲသတူ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းမှာတော့ ထောက်ပံ့ကူညီပေးမှုတွေ နည်းပါးနေတဲ့အတွက် စားနပ်ရိက္ခာအပြင် တခြားအခက်အခဲတွေလည်း ရှိနေတယ်လို့ ဦးသန်းထွန်းက ပြောပါတယ်။

အခုလိုမျိုး ထွက်ပြေးခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ WFP နဲ့ ICRC တို့ကို အစိုးရက အကူအညီပေးဖို့ညွှန်ကြားထားပေမယ့် လုံလောက်မှုမရှိနိုင်တာကြောင့် အထောက်အပံ့တွေကို တိုးမြှင့်ပြီးတော့ ပေးဖို့လိုအပ်တယ်လို့ ဒေသခံအဖွဲ့အစည်းတွေက ပြောပါတယ်။

#voiceofmyanmar#ရခိုင်ဒုက္ခသည်

Related posts

Leave a Comment

VOM News

FREE
VIEW